အာရက္ခတိုင်းမ်စ် (၂၄ အောက်တိုဘာ ၂၀၂၆)
စစ်ကောင်စီထောက်ခံတဲ့ နာမည်ကြီး တယ်လီဂရမ်ချန်နယ်တစ်ခုက အောက်တိုဘာလ ၂၃ ရက်စွဲနဲ့ တင်ခဲ့တဲ့ ငပြီကျွန်းဗီဒီယိုတစ်ခုမှာ AI နည်းပညာနဲ့ ဖန်တီးထားနိုင်တဲ့ ရုပ်သံမြင်ကွင်းတွေ ပါနေတာကို စိစစ်တွေ့ရှိရတယ်လို့ TNISO က ဆိုပါတယ်။
“၄၉၂၆ စစ်ဆင်ရေး” အမည်ပေးထားတဲ့ ဗီဒီယိုမှာ တည်နေရာတစ်ခုတည်းမှာ ရိုက်ထားတဲ့ မြင်ကွင်း ၂ ခုရဲ့ နောက်ခံအသေးစိတ်တွေ မတူဘဲ ကွဲလွဲနေတာကြောင့် AI နဲ့ ဖန်တီးထားတာ ဖြစ်နိုင်တယ်လို့ သိရပါတယ်။
ဗီဒီယိုက အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေ ဗုံးထိမှန်ပြီး သေဆုံးတဲ့ ပုံစံကို ပြထားတာလည်း ဖြစ်ပါတယ်။
AA တပ်ဖွဲ့ဝင် ၃ ဦး ထိုင်နေတဲ့ ပထမမြင်ကွင်းဟာ AI နဲ့ ဖန်တီးထားတဲ့ ရုပ်သံ ဖြစ်နိုင်ခြေ အလွန်များပြီး ရုပ်သံထဲက အထောက်အထားတွေကတော့ –
- တပ်ဖွဲ့ဝင် ၃ ဦး ထိုင်နေချိန်မှာ ထင်ရှားစွာ မြင်ရတဲ့ ရွှံ့အိုင်တစ်ခုက ဗုံးပေါက်ကွဲတဲ့ မြင်ကွင်းမှာ လုံးဝမပါဘဲ ပျောက်သွားပါတယ်။
- တပ်ဖွဲ့ဝင်တွေ နေရောင်ကာဖို့ သုံးထားတဲ့ အစိမ်းရောင်အမိုးက ၃ ဦး ထိုင်နေချိန်မှာ စုတ်ပြဲပျက်စီးနေပေမယ့် ဗုံးပေါက်ကွဲတဲ့ ဒုတိယမြင်ကွင်းမှာ ရုတ်တရက် အကောင်းအတိုင်း ပြန်ဖြစ်နေတာ တွေ့ရပါတယ်။
ဒီအချက်တွေက မြင်ကွင်းတွေ တကယ်ဆက်စပ်မှု မရှိဘဲ ပေါင်းစပ်ထားနိုင်တာကို ပြသနေတယ်လို့ TNISO က ဆိုပါတယ်။
