NewsPolitic

စစ်တွေမှာ AA က ကာကင်းစခန်း ထပ်သိမ်း၊ စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သား ၅ ဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၂၃ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေမြို့ပတ်လည်က စစ်ကောင်စီရဲ့ အဓိက ကာကင်းစခန်းတွေကို အာရက္ခတပ်တော် က တစ်ခုပြီးတစ်ခု ဝန်းရံသိမ်းပိုက်နေရာ မနေ့ကလည်း ပါဒလိတ်တပ်ရင်းတွေရဲ့ အဓိက ရှေ့ထွက်ကာကင်းစခန်း ဖြစ်တဲ့ အမြင့်ကျွန်းဝန်းကျင်က တပ်စခန်းတစ်ခုကို ထပ်သိမ်းလိုက်ကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်က ဒီနေ့ မနက် ၈ နာရီခန့်မှာ စစ်တွေမြို့တွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ မြို့မဈေးအနီး ရွှေငါးမုန့်တိုက်ရှေ့ကို ကျရောက်ပေါက်ကွဲပြီး အရပ်သား ၅ ဦး သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူ ၂၀ နီးပါး ရှိတယ်လို့ သိရပါတယ်။

ဒီလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မနက်ပိုင်း အီကြာကွေး ရောင်းနေတဲ့ လင်မယား ၂ ဦးနဲ့ လမ်းသွားလမ်းလာ အရပ်သား ၃ ဦး ထိမှန်သေဆုံးခဲ့ပြီး မုန့်တိုက် အဆောက်အအုံလည်း ပျက်စီးခဲ့ပါတယ်။

စစ်တွေ၊ ပေါက်တောနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေက ပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကိုလည်း စစ်ကောင်စီက ဂျက်လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ နေ့စဉ်ဆိုသလို ဗုံးကြဲတိုက်ခိုက်နေလို့ ရွာ ၁၀ ရွာထက်မနည်းက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

လက်ရှိမှာ စစ်တွေမြို့နယ် အမြင့်ကျွန်းဝန်းကျင်မှာ စစ်ကောင်စီတပ်စခန်းတွေ အလွန်နည်းနည်းပဲ ကျန်တော့ပြီး ပါဒလိတ်ဘက် ထွက်ပေါက်ဝမှာ ကျန်နေတဲ့ စခန်းတွေကိုလည်း AA က ဆက်ပြီး ရှင်းလင်းနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပါဒလိတ်တပ်ရင်းပတ်လည်က ငတောက်တက်၊ ဒကစ စစ်တွေအနီး နာရီကန်နဲ့ တောကန်၊ ဆေးတပ်နဲ့ ထောက်ပို့တပ်တို့အနီးက ရေချမ်းပြင်ဝန်းကျင်အပြင် ရွှေမင်းဂံရေတပ်ဝန်းကျင်တို့မှာလည်း နှစ်ဖက်တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေပါတယ်။

AA က စစ်တွေထိုးစစ်အတွင်း အမြင့်ကျွန်းဝန်းကျင်က စခန်း ၃ ခု၊ ရေချမ်းပြင်ဝန်းကျင်က စခန်း ၁ ခုနဲ့ ကံ့ကော်ကျွန်းဝန်းကျင်က စခန်း ၃ ခု အပါအဝင် စစ်ကောင်စီရဲ့ ကာကင်းစခန်း ၁၃ ခုထက်မနည်း သိမ်းပိုက်ထားပြီးဖြစ်ကြောင်းလည်း သိရပါတယ်။

Related posts

စကမနဲ့ AA တို့ စစ်တွေနဲ့ ပုဏ္ဏားကျွန်းအစပ်မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားနေ

Rakhita Times

အာရက္ခတိုင်းမ်စ် သတင်းမှတ်စု (၆)

Rakhita Times

စစ်ကျန်လက်နက် ပေါက်ကွဲလို့ ပေါက်တောမှာ ၂ ဦးသေ၊ ၄ ဦး ဒဏ်ရာရ

Rakhita Times

Leave a Comment