EnvironmentNewsPolitic

ရက္ခိုင်မှာ ငလျင်နောက်ဆက်တွဲ ဆူနာမီ အသိပညာပေးတွေ ဆောင်ရွက်သင့်

အာရက္ခတိုင်းမ်စ် (၂၁ မေ ၂၀၂၅)

မြန်မာ့ပင်လယ်ပြင်ကို ဗဟိုပြုပြီး ငလျင်လှုပ်ခတ်မှုတွေ ရှိနေတာကြောင့် ကမ်းရိုးတန်းရှိ ဒေသတွေကို ဆူနာမီနဲ့ပတ်သက်တဲ့ အန္တရာယ်ကာကွယ်ဖို့ အသိပညာပေးတွေ လုပ်ဆောင်သင့်တယ်လို့ မြန်မာနိုင်ငံငလျင်အသင်း ဒုဥက္ကဌဟောင်း ဒေါက်တာမျိုးသန့်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိ ရက္ခိုင်ပြည်က တာဝန်ရှိသူတွေအနေနဲ့ အခြေအနေအချိန်အခါကို ကြည့်ပြီး လုပ်သင့်တာကို အချိန်မဆွဲဘဲ လုပ်သင့်တယ်လို့ သူက အကြံပြုပါတယ်။

“အခုကာလက စကစ က အာဏာသိမ်းတဲ့ကာလမှာ ဒါတွေ ဆောင်ရွက်ဖို့က အရမ်းခက်ခဲတယ်။ စကစ က ဒါကို စိတ်ဝင်တစားနဲ့ လုပ်မယ်လို့တော့ မထင်မိဘူး။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ အသင်းအဖွဲ့တွေ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီတွေက အသိပညာပေးတာတွေ လုပ်မယ်ဆိုရင် ဆောင်ရွက်သင့်ပါတယ်။ တစ်ခု ကောင်းတာက ရက္ခိုင်ကတော့ သူပြည်ကို သူစိုးမိုးထားတဲ့ အနေအထား ရှိနေတယ်။ အခြေအနေ ပေးပြီဆိုရင်တော့ ရက္ခိုင်က တာဝန်ရှိသူတွေက အခြေအနေ အချိန်အခါပေါ် မူတည်ပြီးတော့ လုပ်သင့်လုပ်ထိုက်တာတွေ အချိန်မဆွဲပဲနဲ့ တောက်လျှောက် စီမံရင်တော့ အကောင်းဆုံးပါပဲ” လို့ ဒေါက်တာမျိုးသန့်က ပြောပါတယ်။

မေ ၁၉ ရက်‌နေ့က မြန်မာ့ပင်လယ်ပြင် ကျောက်ဖြူမြို့ရဲ့ တောင်ဘက် ၂၉ မိုင်ခန့်အကွာမှာ ငလျင်အင်အား ရစ်(ခ်)တာစကေး ၅ ဒသမ ၁ အဆင့်နဲ့ လှုပ်ခတ်ခဲ့ပြီးနောက် မေ ၂၀ ရက်နေ့မှာလဲ မြန်မာ့ပင်လယ်ပြင်မှာ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၄ နဲ့ လှုပ်ခတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၁၇၆၂ ခုနှစ်တုန်းက ငလျင်အင်အားပြင်း  ၈ ဒသမနဲ့အထက်ရှိခဲ့တဲ့ ဖြစ်စဉ်ရှိတာကြောင့် သတိထားရမယ့်အပြင် ပြင်ဆင်မှုတွေပါ လုပ်ဆောင်သင့်တယ်လို့ ဒေါက်တာမျိုးသန့် က ထပ်မံပြောပါတယ်။

“ငလျင်အင်အား ၅ ပတ်ချာလည်တွေမှာ လှုပ်မှုတွေကြောင့် စိုးရိမ်စရာမရှိပေမဲ့ ရက္ခိုင်ပြည်ဘက်မှာ ၁၇၆၂ ခုနှစ်က ငလျင်ပြင်အား ၈ နဲ့ ၈ အထက်မှာ လှုပ်ခဲ့ဘူးတဲ့ ဖြစ်စဉ်ရှိနေပြီး အခုအခါမှာ နှစ်ပေါင်း ၂၀၀ ကျော် နေတဲ့အတွက် ရက္ခိုင်ကမ်းရိုးတန်း တနင်္သာရီကမ်းရိုးတန်းနဲ့ ဧရာဝတီတွေမှာ ဆူနာမီ အန္တရာယ်တွေကို သတိထားရမယ့်အပြင် အသိပညာပေးတာတွေပါ ပြင်ဆင်မှုတွေ ဆောင်ရွက်သင့်တယ်” လို့ ပြောပါတယ်။

၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံတွင် ရစ်ချ်တာစကေး ၉ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး အိန္ဒိယသမုဒ္ဒရာ ကမ်းရိုးတန်းဒေသ ၁၄ နိုင်ငံကို ဆူနာမီလှိုင်းလုံးကြီးတွေ ရိုက်ခတ်ခဲ့တာကြောင့် မြန်မာနိုင်ငံသားအပါအဝင် လူပေါင်း ၂၂၀,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့တာကြောင့် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ သေဆုံးသူ ၄၀၀၀ နီးပါးရှိခဲ့ပြီး နေအိမ်အဆောက်အအုံ၊ လမ်းတံတားအများအပြား ပျက်စီးခဲ့ပါတယ်။

လက်ရှိမှာလည်း မန္တလေးမြို့မှာ နောက်ဆက်တွဲ ငလျင်အသေးစားတွေ မကြာခဏ လှုပ်ခတ်လျက်ရှိနေပြီး မေလ ၁၉ ရက်နေ့ကလည်း ရက္ခိုင်ပြည် ကျောက်ဖြူမြို့ နဲ့ မြန်မာ့ပင်လယ်ပြင်မှာ ငလျင်တွေ လှုပ်ခတ်ခဲ့ပါတယ်။

Related posts

ကုန်ကားကြီးများသွားလာနိုင်ရန် ဘူးသီးတောင် မောင်တောလမ်း AA ပြင်နေ

Rakhita Times

AA ဖမ်းဆီးခဲ့တဲ့ ကျားဖြန့်တွေကို တရုတ်ထံ လွှဲပြောင်း

Rakhita Times

စကမရဲ့ ရွေးကောက်ပွဲကို ရက္ခိုင်လူထု ပူးပေါင်း မပါဝင်ဖို့ တိုက်တွန်း

Rakhita Times

Leave a Comment