HealthNewsPolitic

စစ်တွေမြို့က ကယ်ဆယ်ရေးစခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု ပုံမှန် မရောက်

အာရက္ခတိုင်းမ်စ် (၁၆ အောက်တိုဘာ ၂၀၂၅)

ရက္ခိုင်ပြည် စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစခန်းတွေမှာ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပုံမှန်မရောက်ရှိဘူးလို့ ကယ်ဆယ်ရေးစခန်းမှ စစ်ဘေးရှောင်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိ စစ်တွေမြို့က ကယ်ဆယ်ရေးစခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ICRC အပြင် NGO အဖွဲ့တချို့က သူနာပြု ဆရာ၊ ဆရာမတွေ စေလွှတ်ပေးပြီး ဆောင်ရွက်နေတာပါ။

ဒါ့အပြင် အကြမ်းဖက် စစ်ကော်မရှင်ဘက်ကလည်း ကျန်းမာရေး စောင့်ရှောက်မှုအတွက် စေလွှတ်ပေးတာမျိုးတွေလည်း ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီလို NGO အဖွဲ့အပြင် အကြမ်းဖက် စစ်ကော်မရှင်တို့ရဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေဟာ ကယ်ဆယ်ရေးစခန်းတွေကို ပုံမှန်မရောက်ရှိဘူးလို့ ကယ်ဆယ်ရေးစခန်းမှ စစ်ဘေးရှောင်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ကျန်းမာရေးကတော့ ဆေးခန်းတွေက လာလို့ ကုပေးတယ်။ ဆေးခန်းတွေက လာလို့ ထောက်ပံ့တယ်၊ ရောဂါစစ်ပေးဖို့ ဆရာမတွေ၊ ဆရာတွေ လာတယ်။ တလမှာ တကြိမ်၊ သုံးလမှာ တကြိမ် အဲဒီလို လာတယ်။ အဲဒီမှာ မကျန်းမမာတွေ၊ မသန်စွမ်းတွေ အားလုံး ဆေးတွေ ဝါးတွေ လာလို့ ပြပေးတယ်။ သုံးလမှာ တခါ ရောက်ခါ ရောက်တယ်။ မရောက်တဲ့အခါ မရောက်။ တလမှာ တကြိမ် ရောက်တဲ့အခါ ရောက်တယ်” လို့ သူက ပြောပါတယ်။

အကြမ်းဖက် စစ်ကော်မရှင် ထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်တွေမြို့မှာ ရန်ကုန်ကနေ စစ်တွေမြို့သို့ ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေမှာ ဆေးဝါးနဲ့ အခြေခံ စားသောက်ကုန်အပါဝင် အခြားကုန်ပစ္စည်း တင်ပို့မှုကို ပိတ်ပင်လိုက်တာကြောင့် မြို့အတွင်း ဆေးဝါးရှားပါးပြီး ဈေးနှုန်း အဆမတန် ကြီးမြင့်လျက်ရှိကြောင်း သိရပါတယ်။

ဒါ့အပြင် အသည်းရောင် အသားဝါ ရောဂါနဲ့ သေဆုံးသူတွေရှိကြောင်းလည်း သိရပါတယ်။

လက်ရှိ ကယ်ဆယ်ရေးစခန်းတွေမှာတော့ ရာသီဥတုကြောင့် ဖျားနာသူအချို့ရှိပြီး ဆိုးရွားတဲ့ ကျန်းမာရေးအခြေအနေမျိုး မရှိကြသေးကြောင်းလည်း သိရပါတယ်။

Related posts

ရသေ့‌တောင်မြို့နယ် ဗုံးကြဲခံရမှု နေအိမ်နှစ်ဆောင်ထက်မနည်း ပျက်စီး

Rakhita Times

အာရက္ခအားမာန် ရဲဘော်ကျော်ဟန်

Rakhita Times

အာရက္ခဆေးပညာသိပ္ပံကျောင်း ဝင်ခွင့်လျှောက်လွှာကို ဇန်နဝါရီ ၂၅ ရက် နောက်ဆုံးထား လျှောက်ထားနိုင်

Rakhita Times

Leave a Comment