NewsPolitic

စကမဟာ အလွန်သူရဲဘောကြောင် အောက်တန်းကျတဲ့ လုပ်ရပ်တွေ လုပ်နေတယ်လို့ ဦးခိုင်သုခပြော

အာရက္ခတိုင်းမ်စ် (၁၂ ဒီဇင်ဘာ ၂၀၂၅)

စစ်ကော်မရှင်ဟာ ဒီဇင်ဘာလ ၁၀ ရက် နဲ့ ၁၁ ရက်တွင် မြောက်ဦးနဲ့ ကျောက်ဖြူကို ပေါင် ၅၀၀ ဗုံးကြဲခဲ့လို့ အရပ်သားပြည်သူ ၄၁ ဦး သေဆုံးခဲ့ပြီး ၈၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

အဆိုပါ လုပ်ရပ်အပေါ် အာရက္ခတပ်တော်ရဲ့ ပြောရေးဆ်ိုခွင့်ရှိသူ ဦးခိုင်သုခက ဒီလုပ်ရပ်ဟာ အလွန်သူရဲဘောကြောင် အောက်တန်းကျတဲ့လုပ်ရပ် ဖြစ်တယ်လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ဒီ ဖက်စစ် စစ်ကောင်စီအနေနဲ့ ဒီ စစ်ဖက်နဲ့ မဆိုင်တဲ့ အရပ်သားပြည်သူတွေ နေတဲ့ရွာတွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်တယ်ဆိုတာကတော့ ဒါဟာ အလွန်သူရဲဘောကြောင် အောက်တန်းကျတဲ့ လုပ်ရပ်ဖြစ်သလို စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာလည်း ဖြစ်ပါတယ်” လို့ ဦးခိုင်သုခက ပြောပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက် ည ၉ နာရီ ၁၃ မိနစ်ခန့်တွင် စစ်ကော်မရှင်က ရက္ခိုင်ပြည် မြောက်ဦးဆေးရုံကို ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်လို့ အရပ်သားပြည်သူ ၃၃ ဦး သေဆုံးခဲ့ပြီး ၇၆ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။

အလားတူ ဒီဇင်ဘာလ ၁၁ ရက်ကလည်း စစ်ကော်မရှင်က ကျောက်ဖြူမြို့နယ်ကို ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့ပါသေးတယ်။

အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဦးခိုင်သုခက “မနေ့က ဒီဇင်ဘာလ ၁၁ ရက်နေ့ည ၇ နာရီခွဲလောက်မှာ အကြမ်းဖက် ဖက်စစ် စစ်ကောင်စီက ကျောက်ဖြူမြို့နယ် ငလုံးစု အထက်ရွာ အောက်ရွာကို ဂျာက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အပြစ်မဲ့ အရပ်သားပြည်သူ ၈ ဦး သေဆုံးပြီးတော့ ၉ ဦး အပြင်းအထန် ဒဏ်ရာရတာ ရှိပါတယ်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်ပြည်ကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုအပေါ် ရှုတ်ချကြောင်း အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာသံရုံးများ၊ လူ့အခွင့်အရေးလှုပ်ရှားတက်ကြွသူများက ထုတ်ပြန်ထားပါတယ်။

Related posts

AA ၏ အောင်မြင်မှုနှင့် ရက္ခိုင်ပြည် အုပ်ချုပ်ရေး စိန်ခေါ်မှုများ

Rakhita Times

စစ်တွေမြို့ နှစ် ၂၀၀ ပြည့် အထိမ်းအမှတ်အဖြစ် မုဒ်ဦးအသစ် တည်‌ဆောက်နေ

Rakhita Times

စစ်တွေမှာ စကမ က အခြေခံစားကုန်တွေ ရောင်းပေးနေ

Rakhita Times

293 comments

Leave a Comment