ArticelsLife StylePolitic

မီးရထားစက်ခေါင်းပြင်အင်ဂျင်နီယာမှသည် လူနာစောင့်ဘဝဆီ

မော့ဂျေ ရေးသည်။

ချမ်းအေးတဲ့ဆောင်းရာသီရဲ့ ဝေလီဝေလင်း နံနက်ခင်းတခု အချိန်မှာ လူအများစုကတော့ ကိုယ့်အိပ်ယာမှာကိုယ် နွေးနွေးထွေးထွေး အိပ်စက် အနားယူချင်ကြမှာပါ။ နေ့ရော ညပါ သယ်ယူပို့ဆောင်နေရတဲ့ မြန်မာ့မီးရထား စက်ခေါင်းတွေကိုပြင်တဲ့ မလွှကုန်း မီးရထားစက်ခေါင်းပြင်စက်ရုံထဲက လူတစုကတော့ အပိုပစ္စည်းတခုအတွက် ခေါင်းစားနေခဲ့ကြပါတယ်။

မီးရထားတစင်း ခုတ်မောင်းချိန်မှာ မဖြစ်မနေ အသုံးပြုရတဲ့ အချက်ပြခလုတ်တွေအတွက် အရေးကြီးတဲ့ “Relay Pins” တခု လိုအပ်နေခဲ့တာပါ။ လူနဲ့ ကုန်စည်တွေကို နေ့စဉ်နဲ့အမျှ သယ်ယူပို့ဆောင်ပေးနေရတဲ့ မြန်မာ့မီးရထားလုပ်ငန်းမှာ အမျိုးအစားတူ ရထားခေါင်းတွေအတွက် “Relay Pins” အပိုပစ္စည်း တခုလေးတောင် မရှိနေတာကလည်း အမှန်ပါ။

နေ့လည်ခင်းမှာ ထွက်ခွာမယ့် ရထားအတွက် အပိုပစ္စည်းမရှိတဲ့ ပြဿနာကို အဲဒီဝန်ထမ်းတစုက ဆေးလိပ်ဖင်စီခံ တပိုင်း၊ သားရေပင် တချောင်းနဲ့ အစားထိုးပြီး ဖြေရှင်းခဲ့ရပါတယ်။

EC ကြီးကြပ်ရေးမှူး (အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ရေးအင်ဂျင်နီယာ) ဖြစ်သူဟာ ရထားမထွက်ခင်အချိန်ထိ အချိန်နဲ့အမျှ ဝင်ရောက်လာတဲ့ အခြား ရထားစက်ခေါင်းတွေကို စစ်ဆေးပြင်ဆင်ရင်း အစားထိုးပြင်ဆင်ထားတဲ့ စက်ခေါင်းရဲ့ အခြေအနေကို စောင့်ကြည့်ခဲ့ပါတယ်။ စိတ်ကျေနပ်တဲ့ အခြေအနေကိုရမှ ရထားထွက်ခွာဖို့အတွက် လက်မှတ်ထိုး တာဝန်ယူပြီး ညစာ၊ မနက်စာနဲ့ နေ့လည်စာကို ပေါင်းစားဖို့အတွက် အလုပ်ကနေ အိမ်ကို ပြန်ခဲ့ပါတယ်။

သူကတော့ နှစ်ပေါင်း ၃၀ တိတိ ကျွမ်းကျင်လုပ်သားတွေနဲ့အတူ တက်ညီလက်ညီ ပြင်ဆင်ခဲ့တဲ့ မြန်မာပြည်က မီးရထား စက်ခေါင်းပြင် ကျွမ်းကျင်သူ စက်မှုအင်ဂျင်နီယာကြီး ကိုသက် (အမည်လွှဲ) ပဲ ဖြစ်ပါတယ်။

Relay Pins” တခုလေးတောင် အပိုမထားပေးတဲ့ ဝန်ကြီးဌာနရဲ့လက်အောက်မှာ တနိုင်ငံလုံး ပြေးဆွဲတဲ့ မီးရထား အစင်းရေပေါင်းများစွာကို ရှိတဲ့ပစ္စည်းတွေနဲ့ ကြံဆပြုပြင်၊ လူပေါင်းများစွာရဲ့ အသက်တွေကို စက်ပစ္စည်း တခုခုတိမ်းစောင်းတာနဲ့ သူတယောက်တည်းမှာသာ တာဝန်ရှိတယ်ဆိုပြီး ပေးသမျှ အပြစ်တွေကို ခံယူပါမယ်ဆိုတဲ့ အာမခံလက်မှတ်ကို အကြိမ်ကြိမ်ထိုး၊ သူ့ဘဝနဲ့ ရင်းပြီး ပြုပြင်ခဲ့သူပါ။

သူ့ဘဝ နှစ်ကာလ အတော်များများကို ဒီကျွမ်းကျင်မှု၊ ဒီအတတ်ပညာနဲ့ ရပ်တည်ခဲ့တဲ့ ကိုသက်တယောက် သူသံယောဇဉ်တွယ်ရတဲ့ ဒီအလုပ်ကို စွန့်ခွာဖို့ အကြီးမားဆုံး အကြောင်းတရားတခုပေါ်လာခဲ့ပါတော့တယ်။

အဲဒါကတော့ လွန်ခဲ့တဲ့ ၅နှစ်နီးပါး၊ မြန်မာပြည်ကို စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။

မီးရထားဝန်ထမ်းများဘဝမှသည် အထွေထွေလုပ်သားများဘဝဆီသို့

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီမှာ မြန်မာနိုင်ငံကို အမှောင်ထုထဲကို ထိုးချခဲ့တဲ့ အာဏာသိမ်းမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ အာဏာသိမ်းမှုနဲ့ အာဏာရှင်စနစ်အောက်မှာ ဆက်လက် အလုပ်မလုပ်နိုင်တော့တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်နဲ့ နိုင်ငံဝန်ထမ်းပေါင်းများစွာဟာ  အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု Civil Disobedience Movement (CDM) မှာ အုံနဲ့ကျင်းနဲ့ ပါဝင်ခဲ့ကြပါတယ်။

အဲဒီလို အာဏာရှင်အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုမှာ သမိုင်းတွင်လောက်အောင် ဆုံးဖြတ်ချက် ပြတ်သား ခိုင်မာခဲ့ကြသူတွေထဲမှာ တနိုင်ငံလုံးက စာရင်းရှိ မီးရထားဝန်ထမ်း ၃၀,၀၀၀ ရှိတဲ့အထဲက ၉၀ ရာခိုင်နှုန်းက ပါဝင်ခဲ့ကြပါတယ်။

စစ်တပ်က မီးရထားစက်ခေါင်းရုံတဝန်းလုံးကို စီးနှင်းပြီး အလုပ်ပြန်မဝင်ရင် နေအိမ်က ဆင်းဆိုပြီး နှင်ချတာ ခံခဲ့ရတဲ့အပြင် လိုက်လံဖမ်းဆီးတာကိုပါ ခံခဲ့ရသူတွေထဲမှာ ကိုသက်လည်း ပါဝင်ခဲ့ပါတယ်။

အဲဒီနောက်မှာ စီဒီအမ်တွေဟာ သူတို့ကျွမ်းကျင်တဲ့ အလုပ်အကိုင်တွေကို စွန့်လွှတ်ပြီး ဘဝရပ်တည်ရေးအတွက် နေရာဒေသအစုံကို ပြန့်ကျဲရွှေ့ပြောင်း သွားလာအခြေချကြရသလို ပညာရပ်ချင်းမတူတဲ့ လုပ်ငန်းခွင်တွေမှာ သူတို့ရဲ့ အတတ်ပညာနဲ့ လုံးဝမသက်ဆိုင်တဲ့ အလုပ်တွေကို လုပ်ကိုင်နေကြရပါတယ်။

အဲဒီလို မလုံခြုံတဲ့အရပ်ကို စွန့်ခွာပြီး နေရာသစ်မှာ ဘဝသစ်စကြသူတွေထဲ ကိုသက်တယောက်လည်း ပါဝင်ပါတယ်။ ဆယ်နှစ်ကျော် သားတယောက်နဲ့ အရွယ်မရောက်သေးတဲ့ ကလေး ၂ ဦးပါဝင်တဲ့ ကိုသက်တို့ မိသားစုဟာ ထိုင်း-မြန်မာနယ်စပ်ကို တိမ်းရှောင်ခဲ့တာပါ။

၂၀၂၅ ခုနှစ် ဆောင်းရာသီ မနက်ခင်း

ထိုင်း – မြန်မာ နယ်စပ်မြို့လေးတခုရဲ့ အထွေထွေကုဆေးရုံကြီးရဲ့ ကော်ရစ်တာတခုမှာ လူနာရှင်ပေးတဲ့ တနေ့တာ လူနာစောင့်ခ ဘတ်တရာတန် သုံးရွက်ကို လက်နှစ်ဖက်နဲ့ကိုင်ပြီး လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင် စကားဆိုနေခဲ့သူ လူနာစောင့်တဦး ရှိပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ဆေးရုံတက်တဲ့အချိန်မှာ လူနာစောင့်ရယ်လို့ သီးသန့်မရှိ၊ ရွှေ့လျားဖို့ ခက်ခဲတဲ့ လူနာတွေအတွက် အကူသူနာပြု ဒါမှမဟုတ် လူနာစောင့်တယောက်ကို ငှားရမ်း စောင့်ရှောက်ပေးကြလေ့ ရှိပါတယ်။

အဲဒီထဲက လူနာစောင့်တယောက်အဖြစ် လုပ်ကိုင်နေတဲ့သူကတော့ မြန်မာပြည်က မီးရထား စက်ခေါင်းပြင် ကျွမ်းကျင်သူ စက်မှုအင်ဂျင်နီယာကြီး ကိုသက်ပဲ ဖြစ်ပါတယ်။ တချိန်က မြန်မာပြည်က မီးရထားတွေရဲ့ စက်ခေါင်းတွေကို ပြင်ဆင်တဲ့ သူ့လက်တွေဟာ အခုတော့ လူနာအညစ်အကြေးတွေကို ကိုင်တွယ်သန့်စင်ပေးနေရတဲ့ လက်တွေ ဖြစ်လို့နေပါတယ်။

ပြန်လိုချင်တဲ့ အချိန်

ထိုင်းနိုင်ငံကို ရောက်စမှာတော့ သူတတ်ထားတဲ့ ပညာနဲ့ ကိုက်ညီမယ့် လုပ်ငန်းခွင်တွေကို သွားရောက် လျှောက်ထားခဲ့ပါသေးတယ်။ သူ့ရဲ့ ပညာအရည်အချင်းကို သဘောကျ နှစ်သက်ပေမယ့် ၅၀ ကျော်နေတဲ့ အသက်ကြောင့် အလုပ်မှန်သမျှ ငြင်းဆန်ခံခဲ့ရတာပဲ။

လက်ရှိမှာ ဇနီးနဲ့ အရွယ်မရောက်သေးတဲ့ သားသုံးယောက်ရှိတဲ့ မိသားစု စားဝတ်နေရေးအတွက် လူနာသွားစောင့်ဖို့ ပြင်ဆင်နေရင်း ရထားတွေ အချိန်မီထွက်နိုင်ဖို့ ပြည်သူ့အစိုးရလက်ထက် ထမင်းမေ့၊ ဟင်းမေ့ မက်မက်မောမော မီးရထားစက်ခေါင်း ပြင်ဆင်ခဲ့တဲ့ အခြေအနေကို လုပ်ငန်းခွင်တွေ၊ စက်ခေါင်းတွေနဲ့ ပတ်သက်ပြီး ကိုသက်က ခုလို သတိတရ ပြောပါတယ်။

“အပိုပစ္စည်းတွေ အရင်ကလောက် မရှားပါးတော့ပေမယ့် စက်ခေါင်းအသစ်ရယ် အဟောင်းရယ်လို့ မဟုတ်ဘူး။ တရုတ်စက်ခေါင်းတွေဆို အသစ်ကြီးတွေပဲ။ တလမ်းလုံး ပျက်လိုက်တာမှ ခဏ ခဏပဲ။ သူတို့နိုင်ငံရဲ့ ရာသီဥတုနဲ့ ကိုယ့်နိုင်ငံက လုံးဝမတူတာ။ နောက်တော့မှ ရေပူ ရေလျှံတဲ့ ပြဿနာတွေကြောင့် စက်ကရိယာတွေကို ဖြတ်ချသင့်တာတွေ ဖြတ်ချပစ်ရတာပဲ”

အိုမင်းဟောင်းနွမ်းနေတဲ့ စက်ခေါင်းတွေနဲ့ နိုင်ငံတကာက စက်ခေါင်းတွေက မြန်မာနိုင်ငံ ရာသီဥတု မကိုက်ညီတာတွေကို ချိန်ညှိနိုင်ဖို့ဆိုတာ စာအုပ်ကြီးဖတ်ပြီး ပြင်လို့ရတာမျိုးမဟုတ်တဲ့ အကြောင်း၊  စီဒီအမ်လုပ်တဲ့သူတွေက လုပ်သက် အနည်းဆုံး ၅ နှစ်အထက်ရှိပြီး၊ လုပ်ငန်းအတွေ့အကြုံအပြင် GTI, AGTI, BE အနည်းဆုံးတော့ ED, EC အောင်ပြီးသားသူတွေ ဖြစ်လို့ အာဏာသိမ်း စစ်တပ်က မီးရထားကို အရင်လို အချိန်ပြည့် ပြန်ထွက်နိုင်ဖို့ဆိုတာ လူအသစ်တွေ ထည့်ရုံနဲ့ မဖြစ်နိုင်ဘဲ လမ်းအသစ်၊ စက်အသစ်၊ အရာအားလုံး အသစ်ထည့်ပြီး ပြန်လည်ပြေးဆွဲတာမျိုးမဟုတ်ရင် အနည်းဆုံး ၁၀ နှစ်လောက် အချိန်ယူရမယ်လို့ သူက ဆိုပါတယ်။

အတန်းပညာတွေ တတ်ခဲ့ပေမယ့် သင်ကြားထားတဲ့စာနဲ့ စက်ခေါင်းနဲ့ ပြေးဆွဲနေတဲ့ စက်ခေါင်းတွေက မတူညီတာမျိုး၊ စက်ခေါင်းချင်း တူရင်လည်း အချိန်ပြည့်ပြေးဆွဲနေတဲ့ မီးရထားတွေ ရပ်နားတဲ့အချိန် ဒါမှမဟုတ် မောင်းနှင်ချိန် ချို့ယွင်းလို့ လမ်းမှာ ရပ်ထားတာကို စာအုပ်ထဲမှာ ပါတဲ့အတိုင်း ဒါလုပ်လိုက်ပါလို့ ပြောလိုက်ရင် ကွာဟနေတာတွေ ရှိတယ်လို့လည်း ဆိုပြန်ပါတယ်။

“ပြင်သစ်က တမျိုး၊ ဂျပန်တွေရော၊ အိန္ဒိယတွေရှိတော့ အကုန်လုံးက တပုံစံတည်းတွေ မဟုတ်ဘူး။ ကျူရှင်လိုမျိုး သွားတက်လိုက်လို့ ရသွားတဲ့ ပညာလည်း မဟုတ်ဘူး။ ဒါလေးက ဒီနားမှာ ဒီလိုဖြစ်သွားတယ်။ ဆားကစ်က ဒီလို သွားတယ်ဆိုတာမျိုး စက်ခေါင်း ကိုယ့်ရှေ့ ရောက်တဲ့အချိန် တခုချင်း အသေးစိတ် လိုက်ကြည့်ရတာ” လို့ သူလုပ်ခဲ့တဲ့ အလုပ်တွေကို ပြန်မြင်ယောင် စိတ်လှုပ်ရှားရင်း စကားကို ခပ်သွက်သွက် ပြောနေခဲ့ပါတယ်။

၂၀၁၅ အရပ်သားအစိုးရ တက်လာတဲ့အချိန်က သူ့အတွက် အားအတော်ရှိခဲ့တဲ့ အချိန်လို့လည်း ဆိုပါသေးတယ်။ အဲ့ဒီကာလမှာ စက်ခေါင်းပြင်ဌာနအတွက် လိုအပ်တာတွေကို နိုင်ငံတော်ဝင်ငွေထဲကနေ အချိုးကျ ခွဲပေးတာကြောင့် လိုအပ်ချက်တွေက မပြည့်စုံပေမယ့် ဆေးလိပ်တို၊ သားရေပင်သုံးရလောက်တဲ့အထိ မကျပ်တည်းဘူးလို့ ဆိုပါတယ်။

မီးရထားစက်ခေါင်းပြင်တာကို အမှန်တကယ် စိတ်ဝင်စားတဲ့ လူငယ်ပညာတတ်လေးတွေ အပြိုင်အဆိုင် အလုပ်လျှောက်ထားခဲ့ကြသလို သူတို့လို စီနီယာတွေ သင်ကြားပေးသမျှကိုလည်း စိတ်ဝင်တစား လိုက်နာလေ့ကျင့်ခဲ့ကြကာ သူတို့လို ဝါရင့်စီနီယာတွေကိုလည်း ပညာသင်ကြားဖို့ အခွင့်အရေးတွေ အလှည့်ကျ ပေးခဲ့တာက ဘာနဲ့မှ မလဲနိုင်တဲ့ အချိန်တွေလို့ အံကိုကြိတ် အကြည့်လွဲရင်း တွေတွေငေးငေး ပြောနေခဲ့ပါသေးတယ်။

စီဒီအမ်တွေ ထောက်ပံ့မှု တကယ်ရရဲ့လား

မိသားစု စားဝတ်နေရေးအတွက် ပညာရှင် အရာရှိတဦးဖြစ်ခဲ့တဲ့ ကိုသက်ဟာ စီဒီအမ်တွေအတွက် ထောက်ပံ့ကြေးတွေ လျှောက်ထားဖို့ကိုလည်း မဝံ့ရဲခဲ့သူပါ။ ထိုင်းနိုင်ငံမှာ ရရာအလုပ်တွေကို လုပ်ရင်း အိမ်လခအတွက် ပူပင်နေရတဲ့ သူ့ကိုကြည့်ရင်း အရာရှိကတော် သူ့ဇနီးဟာလည်း သူတတ်ထားတဲ့ ပညာတွေကို ဘေးချိတ်ပြီး သန့်ရှင်းရေး၊ အိမ်အကူ၊ ချက်ပြုတ်ရေးစတဲ့ အချိန်ပိုင်း အလုပ်မှန်သမျှ၊ ခေါ်သမျှကို မညည်းမငြူ လိုက်လံလုပ်ဆောင်ရင်း မိသားစုရဲ့ လိုအပ်ချက်ကို ကူညီ ပံ့ပိုးနေခဲ့ရပါတယ်။

သူတို့ မိသားစု ပင်ပမ်းဆင်းရဲတာကို တွေ့ရလို့ သူတို့ ရာဇဝင်ကိုသိတဲ့ လုပ်ငန်းရှင်အချို့က လက်ဖက်ရည်ဆိုင်တခုမှာ အလုပ်ပေးခဲ့ပေမယ့် ဦးစီးသူက အသက်ကြီးပြီး ရွယ်တူတွေကြား အောက်ကျို့နေရတာ မျက်နှာငယ်ရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လအနည်းငယ်လောက်ပဲ ခန့်ထားပြီး အလုပ် ရပ်နားခဲ့ကြပြန်ပါတယ်။ လုပ်ငန်းရှင်က ပြန်လည် ဆက်သွယ်ပေမယ့် သူကတော့ နှစ်ခါ မျက်နှာ မနာချင်ခဲ့သူပါ။

“တစ်ချိန်ကတော့ ဆရာလို့ခေါ်ခံရပြီး အိမ်ဦးခန်းမှာ ဧည့်ဝတ်ပြုခံခဲ့ရတယ်။ ခုတော့ သူများမကိုင်တွယ်ချင်တဲ့ အညစ်ကြေးတွေကို သန့်စင်ပေးရင်း လူနာလည်း ဂရုစိုက်တတ်လာပြီ။ လက်ဖက်ရည်ဆိုင်မှာ လာသောက်တဲ့ လူတွေကိုလည်း ရေနွေးလေး ကော်ဖီလေး ချပေးရင်း အဆင်မပြေရင် ပြောပါနော် ဆရာလို့လည်း ပြောတတ်ခဲ့ပြီ” လို့ မီးရထား စက်ခေါင်းပြင်တဲ့ လုပ်သက် နှစ် ၃၀ ရှိတဲ့ အင်ဂျင်နီယာကြီး ကိုသက်က နေထိုင်ခွင့်ပေးထားတဲ့ နိုင်ငံမှာ အချိန်ပိုင်း အောက်ခြေသိမ်း အလုပ်တွေလုပ်ကာ ပြုံးရင်း ဆိုပါတယ်။

ကိုသက်အတွက်တော့ သူများနိုင်ငံ၊ သူများဒေသမှာ သူတတ်ကျွမ်းတဲ့ ပညာရပ်ကို အသုံးချဖို့ အခွင့်အရေး မရှိခဲ့ပါဘူး။

မျှော်လင့်ချက် အမှားများ

NUG က CDM တွင်ပါဝင်သူ ၄၁၇,၀၆၀ ဦး ရှိတယ်လို့ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်က ထုတ်ပြန်ခဲ့ပေမယ့် ဒါဟာ NUG ရဲ့ အွန်လိုင်း စာရင်းကောက်ခံမှုမှာ ပါဝင်ခဲ့သူတွေပဲ ဖြစ်ပါတယ်။ အဲ့ဒီထဲက အချို့က အာဏာသိမ်း စစ်အုပ်စုရဲ့ လက်အောက်ကို အလုပ်ပြန်ဝင်ခဲ့ကြသူတွေရှိသလို ကိုသက်လို NUG ရဲ့ စာရင်းထဲ ပါ၊ မပါ မသိတဲ့ CDM စစ်စစ်တွေလည်း ရှိနေပါသေးတယ်။

အာဏာသိမ်းမှုကို မထောက်ခံလို့ ၂၀၂၀ ရွေးကောက်ခံအမတ်တွေ သဘောတူဖွဲ့စည်းထားတဲ့ NUG နဲ့ CRPH အနေနဲ့ စီဒီအမ်မှာ ပါဝင်ခဲ့တဲ့ အသိပညာရှင် အတတ်ပညာရှင်တွေကို ထောက်ပံ့ရန်ပုံငွေ ရှိတဲ့အချိန်  ရိက္ခာထောက်ပံ့တာက သူတို့ဘဝ ရပ်တည်ရေးအတွက် သေချာရေရာတဲ့ ဖြေရှင်းချက်တခု မဟုတ်နေတာကိုလည်း တွေ့ရှိရမှာပါ။

စီဒီအမ်အများစုအတွက် ရိက္ခာက အသက်ဆက်ဆေးတခုဆိုရင် သူတို့ ရဲ့ အတတ်ပညာနဲ့ ရောက်ရာအရပ်မှာ အလုပ်လုပ်ကိုင်ခွင့် ရရှိအောင် ကူညီမပေးနိုင်သေးတာကလည်း အဓိကကျတဲ့ အချက် တခု ဖြစ်ပါတယ်။

တော်လှန်ရေး အင်အားစုတွေရဲ့ စိုးမိုးနယ်တွေမှာ သူတို့ရဲ့ ကျွမ်းကျင်မှုတွေကို ထုတ်ဖော်ပြသလို့ မရမယ့် အသိပညာရှင် အတတ်ပညာရှင်တွေအတွက် အလုပ်လုပ်ကိုင်ခွင့်ဟာ NUG နဲ့ CRPH ရဲ့ နိုင်ငံတကာမှာ အကျုံးဝင်မှုနဲ့ ဩဇာသက်ရောက်မှုအပေါ် အများကြီး သက်ရောက်နေတာကလည်း ဧကန် အမှန်တရားပါပဲ။

တော်လှန်ရေး ဦးဆောင်သူအချို့ရဲ့ ဒီနေ့ ပြန်ရတော့မလို၊ နောက်နေ့ ပြန်ရတော့မလို မျှော်လင့်ချက်အမှားတွေကလည်း ကိုသက်တို့လို လူတွေရဲ့ နေထိုင်မှု လုံခြုံရေးကိုလည်း ထိခိုက်နေပါတယ်။

ဝင်ငွေနဲ့ ဘဝရပ်တည်ရေး ခက်ခဲနေကြသလို  ဒီနေ့ပြန်ရမလို နောက်နေ့ ပြန်ရမလို အခြေအနေတွေကြောင့် ထိုင်းမှာ အထောက်အထားမဲ့ နေထိုင်လာရင်း ထိုင်းအစိုးရက တနှစ်မှ တကြိမ်ဖွင့်ပေးတဲ့ ဘတ် ၈၀၀၀ (မြန်မာငွေ ၁၀ သိန်းဝန်းကျင်) ပတ်ဝန်းကျင် ပေးရတဲ့ ပန်းရောင်ကတ်လို့ခေါ်တဲ့ အခြေခံ အလုပ်သမားတွေအတွက် ထုတ်ပေးတဲ့ အလုပ်သမားကတ်ကိုလျှောက်ဖို့ ငွေစုကြရတော့တာပါပဲ။

ခိုင်မာတဲ့ ယုံကြည်မျှော်လင့်ချက်

တရားဝင် နေထိုင်နိုင်ခွင့်ရမှသာ စားဝတ်နေရေးနဲ့ သားသုံးယောက်အတွက် ကောင်းမွန်တဲ့ ပညာရေး အခွင့်အလမ်း ရရှိမယ်ဆိုတာကို ကိုသက်တို့ ဇနီးမောင်နှံ ယုံကြည်ထားပါတယ်။ သူတို့ ယုံကြည်သလိုပဲ သားသုံးယောက်ကို ရွှေ့ပြောင်းမြန်မာနိုင်ငံသားတွေ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတခုမှာ ပညာသင်ကြားစေခဲ့ပါတယ်။ လုပ်ခလစာ အတည်တကျမရှိတဲ့ သူတို့ ဇနီးမောင်နှံအတွက် တယောက်ကို ၅၀၀ နဲ့ သုံးယောက်ကို ၁၅၀၀ ကျသင့်တဲ့ လစဉ်ကျောင်းလခကို မပေးနိုင်တဲ့ လတွေလည်း ရှိပါတယ်။

တချိန်က ဝန်ထမ်းလစာ မြန်မာကျပ် သိန်းဂဏန်းနဲ့ အစိုးရကပေးတဲ့ လိုင်းခန်းမှာ နေထိုင်ခဲ့တဲ့ သူတို့ဟာ ပိုလျှံစုဆောင်းငွေ ဆိုတာထက် အကြွေးကင်းအောင်သာ နေထိုင်ခဲ့ကြသူတွေပါ။ အကြွေးကျမှာ ကြောက်တဲ့ သူတို့မိသားစုဟာ လက်ရှိအချိန်မှာတော့ အိမ်လခ နှစ်လစာ ပေါင်းပေးတာမျိုး၊ ကျောင်းလခ အကြွေးထားပြီး ရသလောက် ဖဲ့ထည့်ရတာမျိုးတွေကို လုပ်နေရတာပါ။

ဒီကြားထဲ တော်လှန် ညီအကိုတွေအတွက် ထောက်ပို့လုပ်နိုင်ဖို့ ငွေအင်အား မတတ်နိုင်ရင် လူအင်အား ပါဝင်ပြီး ချက်ပြုတ်ကြော်လှော်တဲ့ လုပ်ငန်းစဉ်တွေမှာလည်း ပါဝင် လုပ်ဆောင်နေပါတယ်။

အချက်အပြုတ်ကောင်းတဲ့ သူ့ဇနီးအးတွက် သင့်တင့်တဲ့ ဈေးနှုန်းနဲ့ အခြေခံမြန်မာအလုပ်သမားတွေ စားနိုင်မယ့်  မြန်မာအစားအစာရောင်းတဲ့ ဆိုင်လေးတဆိုင် ဖွင့်နိုင်ဖို့ကိုလည်း ကိုသက်တယောက် တတ်ထားတဲ့ ပညာနဲ့ ရာထူးကို ဘေးချိတ် ရရာအလုပ်တွေကို မညည်းမငြူ ကြိုးစား လုပ်ကိုင်နေပါတယ်။

အာဏာသိမ်းအစိုးရရဲ့ ပုံစံမျိုးစုံ ဖိနှိပ်တာတွေကြောင့် အခက်အခဲတွေ တသီတတန်းကြီး ကြုံဆုံနေရတဲ့ ကိုသက်နဲ့ သူမိသားစုကတော့ ဖြစ်လာနိုင်မယ့် အဆိုးဆုံး အခြေအနေအတွက်လည်း စိတ်ကို ပြင်ဆင်ထားပါတယ်။

“မိန်းမကို ပြောထားတယ်။ ငါ့ကလေးတွေ ပညာမတတ်လို့ ဝမ်းမနည်းနဲ့။ စစ်ကျွန်ပညာရေးကို မသင်ယူခဲ့တဲ့ ငါ့ကလေးတွေက သူရဲကောင်းလေးတွေမို့လို့ စာမတတ်တာ သူတို့ ဘွဲ့ရတာတွေကို အထင်ကြီးစရာ မလိုဘူးဆိုပြီး ကြည့်ကောင်းအောင်တော့ ပြောထားရတာပေါ့ဗျာ” လို့ အနားမှာရှိတဲ့ သူ့သားငယ်နှစ်ယောက်နဲ့ ဇနီးကို ကြည့်ရင်း မချိတင်ကဲ ဆိုပါတယ်။

ဘယ်လိုပဲဆိုဆို သူ့သားလေးတွေ ပညာရေးနဲ့ အဆက်မပြတ်စေဖို့အတွက် ကျောင်းအုပ်ချုပ်သူတွေကို တလေးတစား သွားတောင်းပန်ပြီး သားတွေ မသိအောင် သူတို့အခြေအနေကို တိုးတိုးတိတ်တိတ် ရှင်းပြရင်း အောက်ကျို့ခံ အကူအညီ တောင်းခဲ့တာကလည်း မိဘတာဝန်ကို ယူထားရတဲ့ မီးရထားစက်ခေါင်းပြင် အင်ဂျင်နီယာကြီး ကိုသက် ပါပဲ။

တချိန်မှာ ပြည်သူ့အစိုးရ အာဏာပြန်ရလို့ မြန်မာပြည် ပြန်ခွင့်ရတဲ့အချိန်မှာ သူ့တာဝန်တွေကို သူပြန်လည် ထမ်းဆောင်ဖို့လည်း ကိုသက်က အသင့်ရှိနေပါတယ်။

“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ တော်လှန်ရေးပြီးရင် မြန်မာပြည် ပြန်မယ်။ ကျနော်တို့ရဲ့ မျှော်လင့်ချက်တွေက မြန်မာပြည်မှာပဲ ရှိတာ။ ကျွန်တော်တို့ထက် တော်တဲ့ ပညာရှင်တွေတောင် တောင့်ခံနိုင်သေးတာပဲဗျာ။ ကျနော်တို့လည်း တောင့်ခံရမှာပေါ့” လို့ ပြောရင်း မီးရထားစီဒီအမ်တဖြစ်လဲ မလွှကုန်း မီးရထား စက်ခေါင်းပြင်စက်ရုံရဲ့ EC ကြီးကြပ်ရေးမှူး (အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ရေး အင်ဂျင်နီယာ) ကိုသက် တယောက် လက်ကိုင်ပုဝါလေး တထည်ကို တြိဂံပုံ သေချာ‌ခေါက်၊ ခါးကြားမှာထိုး၊ စကားကို လက်စသတ်ရင်း လူနာစောင့်ဖို့ ထွက်ခွာ သွားပါတော့တယ်။

Related posts

ခမီရိုးရာ “ယာဟင်းကိုင်ပွဲ” ပုဏ္ဏားကျွန်းတွင် ပြုလုပ်

Rakhita Times

ပလက်ဝက နေအိမ်တွေမှာ ကျောက်တော်က တိုက်ပွဲရှောင်တွေကို AA က နေခိုင်းထား

Rakhita Times

ကျောက်တော်ဗုံးကြဲခံရမှုတွင် ကလေးအပါအဝင် သေဆုံးသူ ၈ ဦးနဲ့ ဒဏ်ရာရရှိသူ ၁၉ ဦးရှိ

Rakhita Times

312 comments

Leave a Comment