အာရက္ခတိုင်းမ်စ် (၁၂ ဖေဖော်ဝါရီ ၂၀၂၆)
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံကို နေပြည်တော်စစ်ရုံးကနေ ကုန်ထုတ်လုပ်မှု ရပ်ခိုင်းလိုက်ပြီး အသေခံ ခုခံတိုက်ခိုက်ရန် စစ်စခန်း ပြင်ဆင်ခိုင်းထားတယ်လို့ သိရပါတယ်။
“ ကပစ ၁၆ တခုလုံးကို ထုတ်လုပ်မှု ရပ်ဆိုင်းခိုင်းလိုက်ပြီ၊ AA က ကပစ ၁၆ နားက ကာကင်းစခန်း ၅ ခု ရပြီးတဲ့နောက်မှာ သူတို့က (စစ်ကော်မရှင်) အသေခံ ခုခံခိုင်းထားတယ်။ စစ်သားမိသားစုဝင်တွေကိုလည်း ပေးမသွားတော့ဘဲ အလှည့်ကျ ကင်းစောင့်ခိုင်းနေတယ်” လို့ စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ပန်းတောင်းမြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံဟာ ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာရှိပြီး ရက္ခိုင်ပြည်နဲ့ ပဲခူးတိုင်းအစပ်မှာ တည်ရှိတာကြောင့် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေအတွက် ရက္ခိုင်ကနေ အလယ်ပိုင်းကို ထိုးဖောက်ဖို့ လမ်းကြောင်းသစ်တခု ဖြစ်လာနိုင်တယ်လို့လည်း စစ်ရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
စစ်ကော်မရှင်ရဲ့ ကပစ ၁၆ ဟာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး လက်အောက်ခံ ကပစ တွေထဲက တခုဖြစ်ပြီး စစ်ဗျူဟာအရ အရေးပါတဲ့ လက်နက်ခဲယမ်း ထုတ်လုပ်ရေးစက်ရုံ တခုလည်း ဖြစ်ပါတယ်။
“ ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ပြီဆိုတာက စကမ ပထမဆုံး ရင်ဆိုင်ရမှာက သူတို့တွေ လိုအပ်နေတဲ့ ခဲယမ်းထုတ်လုပ်မှု လျော့ကျသွားမယ်။ သေချာတာကတော့ ခဲယမ်းမီးကျောက် ထောက်ပံ့မှုကွင်းဆက်ကို ထိခိုက်တာပေါ့။ ကပစ (၁၆) ဟာ အခုအချိန်မှာ စက်ရုံထက် “ စစ်စခန်း” တခုလို ပုံစံမျိုးနဲ့ အသေခံတိုက်ဖို့ ပြင်နေတာ ဖြစ်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ပဲခူးရိုးမနဲ့ ရက္ခိုင်ရိုးမကို ဆက်သွယ်ထားတဲ့ ဒီလို ဗျူဟာကျတဲ့နေရာကို ဆက်လက်ထိုးစစ်ဆင်ဖို့ အလားအလာ အလွန်များနေပါတယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ထပ်မံပြောပါတယ်။
စစ်ကော်မရှင်ဟာ ကပစ ၁၆ မကျဆုံးစေရေးအတွက် လေကြောင်းပစ်ကူ ပြင်းပြင်းထန်ထန် အသုံးပြုလာနိုင်လို့ ကပစ ၁၆ အနီးပတ်ဝန်းကျင်က ဒေသခံပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို ကြိုတင် တိမ်းရှောင်ကြဖို့လိုတယ်လို့လည်း သူက ပြောပါတယ်။
