အာရက္ခတိုင်းမ်စ် (၅ အောက်တိုဘာ ၂၀၂၆)
သတင်းမီဒီယာလုပ်ငန်းကြောင့် လုံခြုံရေး ခြိမ်းခြောက်ခံနေရပြီး အရေးပေါ် ရွှေ့ပြောင်းရန် လိုအပ်နေတဲ့ သတင်းသမားများနဲ့ ပြည်ပရောက် မြန်မာသတင်းသမားများ တရားဝင် နေထိုင်ခွင့် ရရှိရေးအတွက် ကူညီမယ့် အစီအစဉ်ကို လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ဒီကနေ့မှာ ထုတ်ပြန်ကာ လျှောက်လွှာ ခေါ်ယူနေတယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစပြီး သတင်းသမားများအပေါ် ဖိနှိပ်မှုများ ဆက်တိုက် ရှိလာခဲ့ပြီး၊ ပြည်တွင်းတွင် ဆက်လက် လုပ်ကိုင်ရန် အခက်အခဲ ရှိနေတာကြောင့် ပြည်ပနဲ့ နယ်စပ်ဒေသများကို ထွက်ပြေး တိမ်းရှောင်နေကြရသလို၊ ပြည်ပရောက် သတင်းသမားများမှာလည်း တရားမဝင် နေထိုင်မှုကြောင့် ဖမ်းဆီးခံရနိုင်ခြင်း၊ အလုပ်အကိုင်နဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရရှိခြင်း စတဲ့ အခက်အခဲများ ရင်ဆိုင်နေရတယ်လို့ IPCM ရဲ့ ကြေညာချက် (၁၂/၂၀၂၆) တွင် ဖော်ပြထားပါတယ်။
အဆိုပါ အကျပ်အတည်းများကို ကူညီဖြေရှင်းရန် IPCM က အရေးပေါ် ရွှေ့ပြောင်းစရိတ် ထောက်ပံ့ခြင်း၊ ပြည်ပတွင် တရားဝင် နေထိုင်အလုပ်လုပ်ခွင့် အထောက်အထား ရရှိရေး ကူညီထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ပေးမယ်လို့လည်း သိရပါတယ်။
လျှောက်ထားလိုသူများအနေနဲ့ ၂၀၂၆ ခုနှစ် ဇွန်လနောက်ပိုင်းတွင် သတင်းလုပ်ကိုင်နေပြီး လတ်တလော သတင်းရေးသားမှုကြောင့် ခြိမ်းခြောက်ခံနေရသူ ဖြစ်ရမှာဖြစ်ပြီး၊ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း မိမိကိုယ်တိုင် ရေးသားထုတ်လုပ်ထားတဲ့ သတင်းလင့်ခ် ၃ ခု၊ နောက်ခံအချက်အလက်နဲ့ သတင်းဌာနရဲ့ ထောက်ခံချက်များ လိုအပ်မှာလည်း ဖြစ်ပါတယ်။
အကူအညီလိုအပ်တဲ့ သတင်းသမားများအနေနဲ့ IPCM ရဲ့ အွန်လိုင်းလျှောက်လွှာလင့်ခ် https://support.ipcmyanmar.org ကတဆင့် လျှောက်ထားနိုင်ပြီး Passcode ကို IPCM Facebook Page Messenger တွင် တောင်းခံနိုင်ကာ အသေးစိတ်အချက်အလက်များကို IPCM Facebook Page ကတဆင့် စုံစမ်းနိုင်ကြောင်း သိရပါတယ်။
