အာရက္ခတိုင်းမ်စ် (၃ မတ် ၂၀၂၆)
ရက္ခိုင်ပြည် သံတွဲခရိုင် ငပလီမြို့ ဒေသခံ ငါးဖမ်းသမား ၅ ဦးကို စစ်ကော်မရှင်ရဲ့ နေဗီက ဖမ်းဆီးသွားပြီး စက်လှေကို သိမ်းကာ ငါးဖမ်းသမား ၅ ဦးကိုတော့ နေဗီကနေ ပင်လယ်ထဲ ကန်ချခဲ့တယ်လို့ သိရပါတယ်။
“ငပလီကမ်းခြေက စက်လှေတစီးနဲ့ ငါးသွားဖမ်းတဲ့ ငါးဖမ်းသမား ၅ ယောက်ကို စစ်ကောင်စီနေဗီက ဖမ်းတယ်။ ငါးဖမ်းသမားတွေကို နေဗီထက်သို့တင်ပြီး မင်းတို့ငါးယောက် နေဗီထက်မှာ သေချင်သလား၊ ရေထဲမှာ သေချင်သလား ဆိုပြီးတော့ မေးတယ်တဲ့။ ငါးဖမ်းသမားတွေကလည်း ရေထဲမှာပဲ သေချင်ပါတယ်လို့ ပြန်ပြောကြတော့ စက်လှေကို သိမ်းထားလိုက်ပြီး ငါးယောက်လုံးကို နေဗီပေါ်ကနေ ကန်ချလိုက်တယ်” လို့ ငပလီမြို့ ဒေသခံတဦးက ဆိုပါတယ်။
စစ်ကော်မရှင်က ရေထဲကန်ချခံလိုက်ရတဲ့ ငါးဖမ်းသမား ငါးဦးဟာ ပင်လယ်ထဲမှာ ရေကူးနေစဉ် ဆီဗူးအဝါဗူး တယောက် တဗူးဆီ ပစ်ပေးပြီး လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
“သူတို့ ငါးဖမ်းသမား ငါးယောက်က လူစုမကွဲရအောင် ကြိုးစားရင်း ကမ်းရှိရာဖက်ကို ကူးလာကြတယ်တဲ့။ ကံကောင်းလို့ ငါးရှာထွက်လာတဲ့ ကျော့ပိုက်စက်လှေနဲ့တွေ့လို့ ကယ်တင်လာကြတယ်” လို့ သူက ဆက်ပြောပါတယ်။
စစ်ကော်မရှင်ဟာ ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေတွေက ငါးဖမ်းစက်လှေတွေကို ဖမ်းဆီးပြီး ပစ္စည်းသိမ်းတာတွေ၊ လူကိုပါ ဖမ်းဆီးခေါ်ဆောင်သွားတာတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်လာနေတာလည်း ဖြစ်ပါတယ်။
ဇန်နဝါရီလကလည်း ရက္ခိုင်ပြည် ပေါက်တောမြို့နယ်က ရေလုပ်သား မူဆလင်တွေကို စစ်ကော်မရှင်ရဲ့ နေဗီက စစ်တွေမြို့ကို ဖမ်းဆီးခေါ်ဆောင်တာတွေ ပြုလုပ်ခဲ့ပါတယ်။
အလားတူ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်ကလည်း ပေါက်တောမြို့နယ် ဆင်တက်မော်ရွာက မွတ်ဆလင်ရေလုပ်သား ၂၈ ဦးနဲ့အတူ ငါးဖမ်းလှေ ၃ စီး လည်း ဖမ်းဆီးခဲ့ပါသေးတယ်။
