အာရက္ခတိုင်းမ်စ် (၂၅ မတ် ၂၀၂၆)
ရက္ခိုင်ပြည်၊ စစ်တွေမြို့မှာရှိတဲ့ ဘုတ်လှေ ၃ စီးကို သင်္ဘောတွေနဲ့ ချိတ်တွဲပြီး ရန်ကုန်ကို ပြောင်းရွှေ့သယ်ဆောင်ဖို့ လုပ်နေကြောင်း စစ်တွေဒေသခံတွေထံကနေ သိရပါတယ်။
အဲဒီဘုတ်လှေတွေဟာ ယခင်က စစ်တွေကနေ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနဲ့ တခြားသော မြို့နယ်တွေကို ပို့ဆောင်ရေး လုပ်ဆောင်တာ ဖြစ်ပါတယ်။
ဒါပေမယ့် ရက္ခိုင်ပြည်တွင်း အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တို့ရဲ့ တကျော့ပြန်တိုက်ပွဲကာလအတွင်း မြို့နယ်တခုနဲ့တခုကို အသွားအလာ ကန့်သတ်ထားတာကြောင့် စစ်တွေမှာရှိတဲ့ ဘုတ်လှေတွေဟာ ရပ်နားထားရတာ ၂ နှစ်ကျော်လာပြီ ဖြစ်ပါတယ်။
ဒါ့ကြောင့် အဲဒီဘုတ်လှေတွေကို ရန်ကုန်မှာ သယ်ယူပို့ဆောင်ရေးအတွက် လုပ်ဆောင်ဖို့ ဒါမှမဟုတ် ရောင်းချဖို့အတွက် သယ်ဆောင်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
“ စက်လှေလို့ခေါ်မလား၊ မော်တော်ဘုတ်လို့ ခေါ်မလား အဲဒါ ၃ စီးကို ရန်ကုန်ကနေလာတဲ့ သင်္ဘောနဲ့တွဲပြီး ပို့မှာတဲ့ ရန်ကုန်ကို။ အဲဒီအတွက်ကို အလုပ်သမား ဘုတ်လှေကို ထိန်းဖို့ တစီးစီ ၄ ယောက်နှုန်းနဲ့ ၁၂ ယောက် ခေါ်သွားမယ်ပြောတာ။ ဒီမှာ ဘာအလုပ်မှမရှိတော့ ရန်ကုန်မှာ လုပ်ဖို့လား၊ ရတဲ့ဈေးနဲ့ ရောင်းဖို့လားတော့ မသိဘူး။ ခေါ်သွားတဲ့ အလုပ်သမား ၁၂ ယောက်ကတော့ ဘုတ်လှေကို ထိန်းရုံပဲ။ ပြီးရင် သူတို့ကို လေယာဉ်နဲ့ ဒီကိုပြန်လွှတ်မှာ” လို့ စစ်တွေဒေသခံတယောက်က အာရက္ခတိုးမ်စ်ကို ပြောပါတယ်။
လက်ရှိ စစ်တွေမှာ အလုပ်အကိုင် ရှားပါးလာပြီး ကုန်စည်သင်္ဘော ရောက်ချိန်မှသာ အလုပ်အကိုင်တွေ ရကြတယ်လို့ ဆိုပါတယ်။
အဲဒါကလည်း တနေ့ပြီးရင် နောက်နေ့တွေမှာ အလှည့်ကျနဲ့ နားနေကြရတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် စစ်တွေမြို့က ဒေသခံတွေဟာ စားဝတ်နေရေးအတွက် ပိုင်ဆိုင်တဲ့ စက်ပစ္စည်းတွေ၊ မော်တော်ဆိုင်ကယ်တွေကို ရောင်းချလာကြတယ်လို့ ဆိုပါတယ်။
