အာရက္ခတိုင်းမ်စ် (၂၆ ဇူလိုင် ၂၀၂၆)
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) တို့ အွန်လိုင်းကတဆင့် တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၃ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အဖွင့်အမှာစကားကိုတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ အလှည့်ကျသဘာပတိ ခူဦးရယ်လ်နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင် တို့က ပြောကြားခဲ့တယ်လို့ သိရပါတယ်။
“အာရက္ခပြည်တွင် ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေးနဲ့ ပြန်လည်ထူထောင်ရေးကိစ္စရပ်များ၊ လက်ရှိ နိုင်ငံရေး အခင်းအကျင်းနဲ့ ရှေ့နိုင်ငံရေး လုပ်ငန်းစဉ် လိုအပ်ချက်များနဲ့ပတ်သက်ပြီး ရင်းနှီး ပွင့်လင်းစွာ တိုင်ပင် ဆွေးနွေးခဲ့ကြတယ်” လို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) က ဆိုပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) က အဖွဲ့ ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်၊ မူဝါဒများ၊ လက်ရှိ ပြုလုပ်နေတဲ့ အကြောင်းအရာများနဲ့ ရှေ့ဆက် လုပ်ငန်းစဉ်များ အကြောင်းအရာတို့ကို အသိပေးခဲ့တယ်လို့လည်း သိရပါတယ်။
ဆွေးနွေးပွဲဟာ ၁ နာရီကျော် ကြာမြင့်ခဲ့ပြီး နိဂုံးချုပ် အမှာစကားကို SCEF ရဲ့ မဟာဗျူဟာနဲ့ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
