NewsPolitic

တပ်ချုပ်သစ် အပြောင်းအလဲ စစ်ရေးအခြေအနေ ဘယ်လိုရှိနိုင်လဲ

အာရက္ခတိုင်းမ်စ် (၇ ဧပြီ ၂၀၂၆)

မကြာသေးခင်က ရာထူးအပြောင်းအလဲဖြစ်သွားတဲ့ စစ်ကော်မရှင် ထိပ်သီးခေါင်းဆောင်ပိုင်းအသစ် အပြောင်းအလဲကြား စစ်ရေးအခြေအနေ ဘယ်လိုရှိနိုင်လဲဆိုတဲ့အပေါ် သုံးသပ်မှုတွေ အမျိုးမျိုး ရှိနေကြပါတယ်။

ထိပ်သီးခေါင်းဆောင်ပိုင်းတွေအနက် ကြည်းတပ်ကို ဦးစားပေးကိုင်ထားတဲ့အတွက် ခပ်ကြမ်းကြမ်းဖြစ်မယ့်သဘော တွေ့ရကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“လောလောဆယ်တော့ ခန့်မှန်းရခက်ပါတယ်။ အခုက ပူပူနွေးနွေး ဖြစ်နေတယ်။ နောက်ပြီးတော့ ပြဿနာက အရင်တုန်းကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိပ်ပေါ့။ ဒုတိယဗိုလ်ချုပ်မှူးကြီးက ဒု ဦးစီးချုပ်ပြီးတော့ ကြည်းကိုလည်း ကိုင်တာပေါ့။ အခုကြတော့ ကာကွယ်ရေးဦးစီးချုပ်က ကြည်းကိုပဲ ကိုင်ထားတာ တွေ့ရတော့။ ပိုပြီးတော့ ကြည်းဦးစီးချုပ်ကိုလည်း ကိုင်ထားတယ်ဆိုတော့ ၂ ခုစလုံးကို ခြိမ်းခြောက်တဲ့ သဘောတော့ တွေ့ရတာပေါ့။ အဲဒါတွေကလည်း ဝါရင့်တဲ့ တပ်မှူးတွေနဲ့ နောက်ပိုင်း ဘယ်လို လာမလဲတော့ မသိဘူးပေါ့။ ဒါပေမယ့် လောလောဆယ်တော့ နည်းနည်း ခပ်ကြမ်းကြမ်း ဆုပ်ကိုင်ထားတဲ့ သဘောတော့ တွေ့ရတာပေါ့” လို့ သူက ပြောပါတယ်။

ဒါပေမယ့် သမ္မတဟာလည်း စစ်ခေါင်းဆောင်ပဲ ဖြစ်တဲ့အတွက်ကြောင့် အစိုးရနဲ့ စစ်ကောင်စီတပ်တို့ ညှိနှိုင်းရင် လွယ်မယ်လို့ ယူဆကြောင်းလည်း သူက ပြောပါတယ်။

“အစိုးရသစ်ရဲ့ ပေါ်လစီကို စောင့်ကြည့်ရမှာပေါ့။ ဒါပေမယ့် အစိုးရသစ်လို့ ပြောပေမယ့် တပ်မတော်ရဲ့ ပေါ်လစီကလည်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အရေးကြီးတယ်ဆိုတော့ အခု တပ်မတော်ကို ဆက်လက်ကိုင်စွဲသွားမယ့် ဦးဆောင်သွားမယ့် လူတွေကြည့်တော့ ပျော့ပြောင်းတဲ့လက္ခဏာ ရှိပါ့မလားလို့တော့ ယူဆရတာပဲလေ။ ဘာပဲဖြစ်ဖြစ်တော့ သမ္မတ ဦးဆောင်အစိုးရဖြစ်တဲ့အတွက် သမ္မတကလည်း တပ်မတော်အကြီးအကဲဟောင်းပဲ ပြန်ဖြစ်မယ်ဆိုရင်တော့ အစိုးရနဲ့ တပ်မတော်ပေါ့လေ ညှိနှိုင်းဖို့ လွယ်သွားမယ်လို့တော့ ယူဆရတာပေါ့” လို့ သူက ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ အမြင့်ဆုံး ထိပ်ပိုင်းခေါင်းဆောင် သုံးနေရာဖြစ်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကွဲရေးမှူးရာထူးတို့ကို လူပုဂ္ဂိုလ်အသစ်တွေထံ မတ်လ ၃၀ ရက်က စတင် ခန့်အပ်လိုက်တာပါ။

ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် လည်းကောင်း၊ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် လည်းကောင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုဦးကို တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကွဲရေးမှူးအဖြစ် လည်းကောင်း ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး ရဲဝင်းဦးက OTS အမှတ်စဥ် (၇၇) ဆင်း ဖြစ်ပြီး မကြာသေးမီက ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ် ရာထူးတိုးမြှင့် တာဝန်ထမ်းဆောင်ခဲ့ကာ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ ရဲ့ အရာရှိချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူပါ။

ဒါ့အပြင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး ကျော်စွာလင်းဟာလည်း စစ်တက္ကသိုလ် အမှတ်စဥ် (၃၅) ဆင်း ဖြစ်ပြီး တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) တာဝန်ထမ်းဆောင်ခဲ့ကာ အဲဒီမတိုင်မီက တပ်မတော်စစ်ဦးစီးအရာရှိချုပ် (ကြည်း) နဲ့ စစ်ထောက်ချုပ်တာဝန်ကို ထမ်းဆောင်ခဲ့တာပါ။

ဗိုလ်ချုပ်ကြီး ကိုကိုဦးကလည်း စစ်တက္ကသိုလ် အမှတ်စဥ် (၃၈) ဆင်း ဖြစ်ပြီး အမှတ် ၅ စစ်ဆင်ရေးအထူးအဖွဲ့မှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

Related posts

စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ စစ်ကော်မရှင်ကိုအရေးယူပေးရန် မူဆလင်ရေးရာကောင်စီတောင်းဆို

Rakhita Times

စစ်ပညာသင်ပေးခြင်း၊ အကူညီပေးဖြင်းအတွက် အထူးကျေးဇူးတင်ကြောင်း AA ကို BPLA ပြော

Rakhita Times

AA ထိန်းချုပ်တဲ့ ၄ မြို့နယ်မှာ စကမ က ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင် လုပ်လာနိုင်

Rakhita Times

Leave a Comment