NewsPolitic

ရက္ခိုင်ပြည်ထွက်ပေါက် ကျောက်ထုကို စစ်ကောင်စီ အင်အားဖြည့်တင်းနေ

အာရက္ခတိုင်းမ်စ် (၄ နိုဝင်ဘာ ၂၀၂၆)

မကွေးတိုင်း၊ ဆောမြို့နယ်နဲ့ ကျောက်ထုဒေသအတွင်း စစ်ကောင်စီက စစ်အင်အားတွေ ဆက်တိုက် ထပ်ဖြည့်တင်းနေပြီး ကျောက်ထုမြို့နယ်မြေကို ဗဟိုပြုကာ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ပေါက်မြို့နယ်အခြေစိုက် အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၄) ကနေ အင်အား ၃၀၀ ဝန်းကျင်ပါ ကား ၆ စီးနဲ့ နိုဝင်ဘာလ ၂ ရက်မှာ ထွက်ခွာလာတဲ့ စစ်ကြောင်းက လက်ရှိ တပြင်းကျေးရွာကို ရောက်နေပြီး ကျောက်ထုမြို့က အမှတ် (၃၆၈) အမြောက်တပ် (အမတ-၃၆၈) ကို ဦးတည်ရွေ့လျားနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ကျောက်ထု-ထီးလင်းလမ်းပိုင်း ကြီးကျေးရွာမှာ ရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းကတော့ ဒဏ်ရာရစစ်သည်တွေကို ကျောက်ထုမြို့က အမတ (၃၆၈) ဆီ ပြန်ပို့နိုင်ဖို့ သွားလာ လှုပ်ရှားနေတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီက ကျောက်ထုကနေ ထီးလင်းမြို့နဲ့ ၁၀ မိုင်ခန့်အကွာ၊ အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ ထိန်းချုပ်ထားတဲ့ ရွှေအောင်သာကျေးရွာဘက်ကို စစ်ကြောင်းတက်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

ရွှေအောင်သာရွာက ချင်းတောင်ပိုင်း မင်းတပ်၊ ယောဒေသ ထီးလင်းနဲ့ ကျောက်ထုမြို့တို့ ဆုံတဲ့ ဆက်သွယ်ရေးလမ်းကြောင်းပေါ်မှာ တည်ရှိတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီက ဆော၊ ကျောက်ထုမြို့နယ်တွေကနေ ချင်းတောင်ပိုင်း မင်းတပ်၊ ကန်ပက်လက်မြို့နဲ့ ချင်း-မကွေးအစပ် ယောဒေသကို ထိန်းချုပ်နိုင်ဖို့ မေလလယ်ကစပြီး အင်အားထောင်ချီသုံးကာ ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

ကြီး-ကျောက်ထုနဲ့ တပြင်း-ကျောက်ထု လမ်းပိုင်းတွေကို အများပြည်သူက အရေးပေါ်သတိပြုသွားလာဖို့နဲ့ နယ်မြေခံတော်လှန်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်သွားလာဖို့ကိုလည်း သတိပေးထားတယ်လို့ သိရပါတယ်။

Related posts

စစ်တွေမြို့က လမ်းတွေထဲမှာ CCTV တွေ လိုက်တပ်နေ

Rakhita Times

ကျောက်ကလေရွာ ဗုံးကြဲခံရမှု သေဆုံးသူ ၃ ဦး အထိ ရှိလာ

Rakhita Times

ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့က သံတွဲပြည်သူ ၂၀၀၀ ကျော်ကို အခမဲ့ဆေးကုသပေး

Rakhita Times

Leave a Comment