အာရက္ခတိုင်းမ်စ်(၁၇ မေ ၂၀၂၆)
ရက္ခိုင်ပြည် ဘူးသီးတောင်မြို့နယ်တွင် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်ခဲ့သူကို ဖမ်းဆီးရမိခဲ့တယ်လို့ အာရက္ခ မှုခင်းနဲ့ဆက်စပ်သတင်းများထုတ်ပြန်ရေးအဖွဲ့က ဆိုပါတယ်။
အဆိုပါ ဖြစ်စဉ်ဟာ ၂၀၂၆ ခုနှစ် မတ်လအတွင်း နေ့လည် ၁၂ နာရီအချိန်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဘူးသီးတောင်မြို့နယ် မြို့မစေတီတောင်ရွာမှ နစ်နာသူဖြစ်တဲ့ အသက် (၁၃) နှစ်အရွယ်ရှိ မိန်းကလေးငယ်ဟာ သူငယ်ချင်း ၅ ဦးနဲ့အတူ ပုန်းတန်း ဝှက်တန်း ဆော့ကစားနေစဉ် ကျူးလွန်ခံခဲ့ရတာ ဖြစ်ပါတယ်။
သူတို့ ဆော့ကစားနေတဲ့ ရွာလမ်းမထက်အနီးမှာ နေထိုင်တဲ့ အသက် (၅၆) နှစ်အရွယ် ဦးရွှေသန်းမောင်အိမ်ကို နစ်နာသူ မိန်းကလေးနှင့်အတူ တခြားသော မိန်းကလေးငယ်တဦး ဝင်ရောက် ပုန်းနေခဲ့ကြောင်း၊ ပုန်းနေစဉ် အဆိုပါ နစ်နာသူကို ဦးရွှေသန်းမောင်က လက်ဆွဲ ပါးစပ်ပိတ်ကာ အိမ်ထဲသို့ ဆွဲသွင်း၍ အဓမ္မ ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း နစ်နာသူမိန်းကလေးက ၎င်း၏ မိခင်ကို ပြောပြခဲ့တာ ဖြစ်ပါတယ်။
ကလေးငယ်ရဲ့ မိခင်ဖြစ်သူမှ မေလ (၈) ရက် မနက် ၈နာရီ ၄၀ မိနစ်မှာ ဒီလပ်စခန်းကို လာရောက် တိုင်တန်းခဲ့ပြီး (ပ)၂၃/၂၀၂၆ ရာဇသတ်ကြီး ပုဒ်မ – ၃၇၆ နဲ့အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။
အမှုဖွင့်ပြီးနောက် ပြစ်မှုကျူးလွန်သူတရားခံ ဦးရွှေသန်းမောင်ကို ၂၀၂၆ခုနှစ် မေလ (၉) ရက် မနက် (၁၀) နာရီမှာ ဒီလပ်က ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးပြီးနောက် ကျူးလွန်သူ ဦးရွှေသန်းမောင်က ၎င်းကျူးလွန်ခဲ့တဲ့ ပြစ်မှုအကြောင်းအရာနဲ့ ပတ်သက်ပြီး တရားရုံးတော်မှာ ဖြောင့်ချက်ပေးလိုကြောင်း
တင်ပြလာသဖြင့် မောင်တောမြို့နယ် တရားရုံးမှာ ဖြောင့်ချက်ရယူခြင်း၊ အမှုမှ မျက်မြင်သက်သေ ထွက်ဆိုချက်တွေကိုလည်း တရားရုံးတော်၌ ကြိုတင်ထွက်ဆိုခြင်းတွေကို ဆောင်ရွက်ထားရှိပြီး တရားဥပဒေနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပုဒ်မ- ၃၇၆ သည် ကျူးလွန်သူကို ထောင်ဒဏ် အနှစ် နှစ်ဆယ်ဖြစ်စေ၊ ဆယ်နှစ်ထိဖြစ်စေ ချမှတ်နိုင်သလို ငွေဒဏ်လည်း ချမှတ်နိုင်သည့် ဥပဒေဖြစ်ပါတယ်။
