NewsPolitic

ကျောက်ဖြူတွင် လွတ်ရက်စေ့ နိုင်/ကျဉ်း ၇ ယောက်ကို ထောင် ၁၀ နှစ် ထပ်မံချမှတ်

အာရက္ခတိုင်းမ်စ် (၈ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် ကျောက်ဖြူထောင်တွင် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၇ ဦးကို လွတ်ရက်စေ့ပေမယ့် ပြန်မလွှတ်ပဲ ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

“ ၁၇/၁ နဲ့ ထောင် ၃ နှစ် ချခံထားရသူတွေလေ။ ပြစ်ဒဏ်လွတ်လာတဲ့နေ့မှာ ထောင်ဘူးဝမှာတင် ရဲတွေက လက်ထိတ်ခတ်ပြီးတော့ ခရိုင်တရားရုံးကို ခေါ်သွားတယ်။ ပြီးတော့ ၅၀ ည အကြမ်းဖက်အဖွဲ့ကို ကူညီထောက်ပံ့ခြင်း၊ ၅၂ က အကြမ်းဖက်အဖွဲ့နဲ့ ဆက်သွယ်ခြင်း အဲဒီပုဒ်မ ၂ ခုနဲ့ ထောင် ၁၀ နှစ် ထပ်ချလိုက်တာ” လို့ ကျောက်ဖြူမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပုဒ်မ ၁၇/၁ နဲ့ ထောင်ဒဏ်လွတ်ပြီး ၅၀ ည၊ ၅၂ က နဲ့ ထောင်ဒဏ် ချခံလိုက်ရသူများမှာ ကျောက်ဖြူမြို့နယ် စေတီတောင်ရပ်ကွက်နေ ‌ဦးကျော်လှအောင်၊ အလယ်ပိုင်းရပ်ကွက်နေ အသက် ၆၈ နှစ်အရွယ် ဦးမောင်မဲ၊ တောင်ရင်းရပ်ကွက်နေ အသက် ၄၆ နှစ်အရွယ် ဦးမြဝင်း၊ ကုလားဘာတောင်ရပ်ကွက်နေ အသက် ၄၅ နှစ်အရွယ် ဦးသန့်ဇော်လင်း (ခ) အညာသား၊ ကုလားဘာတောင်ရပ်ကွက်နေ အသက် ၃၈ နှစ်အရွယ် ဦးလမင်းဖြိုး၊ ကုလားဘာတောင်ရပ်ကွက်နေ အသက် ၃၄ နှစ်အရွယ် ဦးထွန်းမင်းဖြိုး နဲ့ အလယ်ပိုင်းရပ်ကွက်နေ အသက် ၃၉ နှစ်အရွယ် ဦးစောရန်နိုင် တို့ ဖြစ်တယ်လို့ သိရပါတယ်။

“ အာဏာသိမ်းပြီးတော့ အရပ်သားအစိုးရ ပုံစံပြောင်းလဲ အကျင့်က ပြောင်းမသွားဘူး။ မလိုရင် မလိုသလို မထင်ရင် မထင်သလို ဥပဒေကို သူတို့ စိတ်ကြိုက် လုပ်ချင်သလို လုပ်နေကြတယ်။ နိုင်/ကျဉ်းတွေမှာ နိုင်ငံသား အခွင့်အရေးလည်း မရဘူး၊ လူ့အခွင့်အရေးလည်း မရှိဘူး။ ဒီမိုကရေစီ အခွင့်အရေးလည်း မရှိဘူး” လို့ ကျောက်ဖြူမြို့နယ်က နိုင်ကျဉ်းဟောင်းတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပြစ်ဒဏ်ကျခံပြီးသား အမှုဟောင်းများအပေါ် အခြေခံပြီး ပုဒ်မသစ်များ ပြောင်းလဲကာ ဒုတိယအကြိမ် ထပ်မံ တရားစွဲဆိုခြင်းမှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို နှစ်ရှည် ထောင်ဒဏ်များ ဆက်လက် ချမှတ်ထားရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်တယ်လို့လည်း နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ဆိုပါတယ်။

Related posts

ညသန်းခေါင် ဂျက်ဖိုက်တာနဲ့ ကျောက်တော်ကို ဗုံးကြဲ(Breaking News)

Rakhita Times

၆၆၆ စခန်းကုန်းကို အာရက္ခတပ်တော် ပြန်လည်သိမ်းပိုက်

Rakhita Times

မိုးရွာသွင်းလို့ ရက္ခိုင်ကုန်သွယ်ရေးလမ်းများ ဆိုရွားစွာ ပျက်စီးနေ

Rakhita Times

Leave a Comment