အာရက္ခတိုင်းမ်စ် (၂၀ ဇွန် ၂၀၂၆)
ရက္ခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့ကို ရွေးတုအစိုးရတပ်က ဒီကနေ့ (ဇွန် ၂၀) နေ့လည်က ဂျက်ဖိုက်တာနဲ့ ဗုံးထပ်ချခဲ့လို့ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“ နေ့လည် ၁ နာရီခွဲလောက်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ထပ်လာကြဲပါတယ်။ လူ ၂ ယောက် ဒဏ်ရာရပြီးတော့ အိမ် ၂ လုံး ပျက်စီးသွားတယ်” လို့ ကျိန္တလီမြို့ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရွေးတုအစိုးရတပ်က ကြဲချခဲ့တဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးဟာ ကျိန္တလီမြို့ အမှတ် ၂ ရပ်ကွက် သိပ္ပံလမ်းနဲ့ ကိန္နရီလမ်းကို ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ကျိန္တလီမြို့ဒေသခံ အသက် ၅၇ နှစ်အရွယ် ဒေါ်တင်တင်ဝင်းနဲ့ အသက် ၆၇ နှစ်အရွယ် ဦးခင်မောင်ဝင်းတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အမှတ် ၂ ရပ်ကွက်က လူနေအိမ် ၂ လုံးလည်း ထိခိုက် ပျက်စီးခဲ့ပါတယ်။
ဇွန်လ ၁၅ ညဖက်ကလည်း ရက္ခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့ ရမ္မာကျွန်းရွာကို ရွေးတုအစိုးရတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၃ လုံး ကြဲချခဲ့လို့ ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ၈ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။
အလားတူ ဂွမြို့နယ်ကို ရွေးတုအစိုးရက ဂျက်ဖိုက်တာနဲ့ ဇွန်လ ၁၄ ရက် ည သန်းခေါင် နဲ့ ဇွန်လ ၁၅ မနက် အစောတွင် ဗုံး ၂ ကြိမ် ကြဲချ တိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အချို့ ပျက်စီးသွားတယ်လို့ သိရပါတယ်။
Photo – APM (ဓာတ်ပုံများ ပိုမိုကြည့်ရှုလိုပါက t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်။ သွေးထွက်သံယိုပုံများ ပါဝင်ပါတယ်)
