NewsPolitic

ဘူးသီးတောင်ကနေ ရသေ့တောင်ကို ဘိလပ်မြေတင်လာတဲ့ ဘုတ်တစ်စီး တိမ်းမှောက် လူတစ်ဦးသေဆုံး

အာရက္ခတိုင်းမ်စ် (၂၁ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် ဘူးသီးတောင်မြို့ကနေ ရသေ့တောင်မြို့ကို ဘိလပ်မြေတွေ တင်လာတဲ့ ဘုတ်တစ်စီး တိမ်းမှောက်ပြီးတော့ လူတစ်ဦး သေဆုံးခဲ့ရပါတယ်။

ဒီဖြစ်စဥ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ ညနေပိုင်းက ဘူးသီးတောင်မြို့ ပန်ဇင်းချောင်းအတွင်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ရသေ့တောင်မြို့နယ်အတွင်းက အသက် ၅၆ နှစ်အရွယ် ဦးမူဆာအာလီဟာ သူပိုင်ဆိုင်တဲ့ ဘုတ်နဲ့ ဘူးသီးတောင်ကနေ ဘိလပ်မြေ အိတ် ၂၀၀ ခန့် တင်ဆောင်ပြီးတော့ ရသေ့တောင်ကို ပြန်အလာမှာ အခုလို ဘုတ်နစ်မြုပ်ပြီး သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ရသေ့တောင်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ သူက ဘုတ်နဲ့အတူ မြုပ်ပြီး သေသွားတာ နောက် ၆ ဦးကတော့ အသက်ရှင်ကြတယ်။ သူက ရုန်းထွက်မရဘူး။ ဘုတ်ထဲမှာ ဘိလပ်မြေတွေနဲ့ ပိနေတာ” လို့ သူက ပြောပါတယ်။

သေဆုံးသူနဲ့ နစ်မြုပ်သွားတဲ့ ဘုတ်ကိုတော့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ DLEPS ဌာနနဲ့ ဒေသခံတွေရဲ့ ဝိုင်းဝန်းရှာဖွေမှုကြောင့် ပြန်လည် ရရှိထားပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာကနေ ကျောက်တော်ကို စျေးဝယ်ဖို့လာတဲ့ ခရီးသည်တင် ဘုတ်တစ်စီးဟာ ပုဏ္ဏားကျွန်းမြို့အနီးက ကင်းချောင်းအရောက်မှာ မတော်တဆ တိမ်းမှောက်ခဲ့တဲ့အတွက် အမျိုးသမီး ၅ ဦး အပါအဝင် ၁၁ ဦး ရေနစ်မြုပ် သေဆုံးခဲ့တာလည်း ရှိခဲ့ပါသေးတယ်။

ဒီလို အလားတူ ဖြစ်စဥ်ပဲ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့မှာလည်း ဘောလုံးပွဲ ကစားပြီး မင်းပြားမြို့ကို ပြန်လာတဲ့ စက်လှေတစ်စီး လေမြို့မြစ်အတွင်းမှာ နစ်မြုပ်ခဲ့တာကြောင့် (၈) နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် (၉) ဦး သေဆုံးခဲ့တဲ့ ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။

အခုလို ရက္ခိုင်ပြည်အတွင်းမှာ ဘုတ်တိမ်းမှောက်မှုတွေ ဆက်တိုက်ရှိလာနေတဲ့အတွက် ခရီးသည်တင်ဘုတ်တွေရဲ့ ကြံ့ခိုင်မှုနဲ့ အသက်ကယ်အင်္ကျီ (Life Jacket) များ ပါရှိမှု ရှိမရှိဆိုတာတွေကို အာဏာပိုင်များအနေနဲ့ ကြီးကြပ်ပေးမှုတွေ လုပ်ဆောင်ပေးဖို့ လိုအပ်နေတယ်လို့လည်း ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

Related posts

၁၈ နှစ်အောက် လူငယ်တွေကို ကွမ်း၊ ဆေးလိပ် နဲ့ အရက် မရောင်းရန် AA တားမြစ်

Rakhita Times

ကျောက်ဖြူ စနဲဘက်မှာ စကမ တပ်သား ၁၀၀ ကျော်ကျ

Rakhita Times

စစ်ကျန်လက်နက် ဆော့မိလို့ ကလေးငယ်တစ်ဦးသေဆုံး

Rakhita Times

Leave a Comment