အာရက္ခတိုင်းမ်စ် (၁၂ ဩဂုတ် ၂၀၂၆)
ရက္ခိုင်ပြည်ရှိ အရပ်သားပြည်သူတွေ တိုက်ခိုက်ခံရမှုအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက အာရုံစိုက်ကြရန် HDCO က ဒီကနေ့ သြဂုတ်လ ၁၂ ရက်မှာ တိုက်တွန်းခဲ့ပါတယ်။
HDCO ရဲ့ အချက်အလက်တွေအရ ဩဂုတ်လ ၁၁ ရက်အတွင်းမှာ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၉ ဦး သေဆုံးခဲ့ပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် တိုက်ခိုက်မှုတွေကြောင့် နေအိမ်များ၊ ဘာသာရေး အဆောက်အအုံများနဲ့ အခြား အရပ်ဘက် အဆောက်အအုံများလည်း ထိခိုက် ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
မှတ်တမ်းတင်ထားတဲ့ အဆိုပါ ဖြစ်စဉ်များတွင် သံတွဲ၊ အမ်း၊ မြောက်ဦးနဲ့ ပလက်ဝဒေသရှိ အရပ်သားများ နေထိုင်ရာ နေရာများအပေါ် လေကြောင်းတိုက်ခိုက်မှုများအပြင် ရသေ့တောင်မြို့နယ်၊ နံ့သာကျွန်းတွင် ငါးဖမ်းနေတဲ့ စစ်ဘေးရှောင် အရပ်သားများကို အရပ်ဘက်ဝတ်စုံ ဝတ်ထားတဲ့ မြန်မာစစ်ကော်မရှင်တပ်သားများနဲ့ လက်နက်ကိုင် မူဆလင်များက သေနတ်ဖြင့် ပစ်ခတ်တဲ့ ဖြစ်စဉ်များလည်း ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
HDCO အနေနဲ့ တိုက်ခိုက်မှုများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး အရပ်သားပြည်သူများဟာ စစ်ရေးပစ်မှတ်များ မဟုတ်ကြောင်း၊ အရပ်သား ထိခိုက်သေဆုံးမှုများအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အရေးတကြီး အာရုံစိုက်ပြီး အရပ်သားများကို ကာကွယ်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်မှုများကို ပိုမို အားကောင်းစေရန် နဲ့ နိုင်ငံတကာ လူသားချင်း စာနာ ထောက်ထားမှု ဥပဒေ ချိုးဖောက်မှုများအတွက် အမှန်တကယ် တာဝန်ခံမှု ရှိစေရေးအတွက် လုပ်ဆောင်ကြရန် HDCO က ထုတ်ပြန်ချက်တွင် တိုက်တွန်းထားပါတယ်။
