NewsPolitic

သတင်းထောက် မနီနီဝင်းကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများအပေါ် IMJA ရှုတ်ချ

အာရက္ခတိုင်းမ်စ် (၁၄ ဩဂုတ် ၂၀၂၆)

သတင်းထောက် မနီနီဝင်းကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများအပေါ် လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA) က ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Border News Agency (BNA) က အမျိုးသမီးသတင်းထောက် မနီနီဝင်းရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို အသုံးပြုပြီး လူမှုကွန်ရက်စာမျက်နှာအချို့တွင် မဟုတ်မမှန် စွပ်စွဲရေးသားမှုများ၊ လိင်ပိုင်းဆိုင်ရာ အဓိပ္ပာယ်သက်ရောက်တဲ့ ရေးသားဖော်ပြမှုများနဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများကို ပြုလုပ်နေတာကို IMJA က စိစစ် တွေ့ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

“အမျိုးသမီးသတင်းထောက်တစ်ဦးရဲ့ ပရော်ဖက်ရှင်နယ်ရပ်တည်မှုနဲ့ မသက်ဆိုင်တဲ့ ဂုဏ်သိက္ခာကျဆင်းစေရန် ပစ်မှတ်ထားတိုက်ခိုက်ခြင်းဟာ Gender-based Harassment တစ်ရပ်ဖြစ်ပြီး သတင်းထောက်ရဲ့ ကိုယ်ရေးကိုယ်တာလုံခြုံမှု၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနဲ့ လွတ်လပ်စွာ သတင်းလုပ်ငန်း ဆောင်ရွက်နိုင်ခွင့်ကိုပါ ထိခိုက်စေနိုင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ IMJA က ရှုမြင်ပါတယ်။ သတင်းမီဒီယာတစ်ခုရဲ့ သတင်းဖော်ပြမှု သို့မဟုတ် ရပ်တည်ချက်အပေါ် သဘောမတူမှု၊ ဝေဖန်မှုများ ရှိနိုင်သော်လည်း ယင်းကို အကြောင်းပြပြီး သတင်းထောက်ကို ပုဂ္ဂိုလ်ရေးအရ ပစ်မှတ်ထားပြီး ဂုဏ်သိက္ခာကျဆင်းစေရန် လုပ်ဆောင်ခြင်းတို့ကို မည်သည့်အခြေအနေတွင်မျှ လက်ခံနိုင်မည် မဟုတ်ပါ” လို့ ထုတ်ပြန်ချက်တွင် ဆိုထားပါတယ်။

IMJA အနေနဲ့ မည်သည့် လက်နက်ကိုင်၊ အာဏာပိုင်၊ မီဒီယာ နဲ့ လူမှုအဖွဲ့အစည်း သို့မဟုတ် မည်သည့် လူပုဂ္ဂိုလ်က ပြုလုပ်သည်ဖြစ်စေ သတင်းထောက်များကို ခြိမ်းခြောက်ခြင်း၊ ကိုယ်ရေးကိုယ်တာနဲ့ လုံခြုံရေးဆိုင်ရာ အချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းပေါ်တွင် ဖော်ထုတ်ဖြန့်ဝေပြီး ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ လိင်အခြေပြု စော်ကားတိုက်ခိုက်ခြင်း၊ အမျိုးသမီးသတင်းထောက်များရဲ့ ဂုဏ်သိက္ခာကို လိင်ပိုင်းဆိုင်ရာ စွပ်စွဲချက်များနဲ့ သတင်းထောက်နဲ့ သတင်းဌာန အပေါ် ယုံကြည်မှု ပျက်ပြားစေရန် ရည်ရွယ်တိုက်ခိုက်ခြင်းတို့ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားပါတယ်။

သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအနေနဲ့လည်း ထိုကဲ့သို ခြိမ်းခြောက် တိုက်ခိုက်မှုများကို ရပ်တန့်စေရေး ထိထိရောက်ရောက် ဆောင်ရွက်ကြရန်လည်း IMJA က တိုက်တွန်း တောင်းဆိုထားပါတယ်။

မိမိတို့ IMJA အနေနဲ့ သတင်းထောက်များအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများကို ဆက်လက် စောင့်ကြည့် မှတ်တမ်းတင်ကာ သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ သတင်းထောက်များရဲ့ လုံခြုံရေး ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Related posts

အာရက္ခအားမာန် ရဲဘော်ကျော်ဟန်

Rakhita Times

ရမ်းဗြဲတွင် စကမ ဗုံးချလို့ ဆရာတော်တပါးနဲ့ ပြည်သူတဦး ဒဏ်ရာရ

Rakhita Times

အပေါ်လမ်းကလာခဲ့သည်

Rakhita Times

1 comment

Leave a Comment