အာရက္ခတိုင်းမ်စ် (၉ စက်တင်ဘာ ၂၀၂၆)
မကွေးတိုင်း မင်းတုန်းမြို့နယ် ရက္ခိုင်ရိုးမအနီး တိုက်ပွဲတွင် ရွေးတုအစိုးရတပ်က ဒုတိယဗိုလ်မှူးကြီး ၂ ဦး သေဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
“စက်တင်ဘာလဆန်းက တိုက်ပွဲမှာ တပ်မ (၅၅) လက်အောက်ခံ တပ်ရင်းတွေထဲက တပ်ရင်းမှူးနှစ်ဦးဖြစ်တဲ့ ဒုဗိုလ်မှူးကြီး တင်မျိုးထွဋ်နဲ့ ဒုဗိုလ်မှူးကြီး မြတ်သင်းကျော် သေဆုံးတယ်လို့ နေပြည်တော်က စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်” လို့ People’s Spring သတင်းဌာနက ရေးသား ဖော်ပြထားပါတယ်။
ဒုတိယဗိုလ်မှူးကြီး တင်မျိုးထွဋ်နဲ့ ဒုတိယဗိုလ်မှူးကြီး မြတ်သင်းကျော် တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ သတင်းကို စစ်တပ်မိသားစုတချို့က လူမှုကွန်ရက်မှာ ရေးသားထားကြတယ်လို့လည်း သိရပါတယ်။
ရွေးတုအစိုးရတပ်ဟာ အောင်လံမြို့ကတဆင့် ရေယာဉ်တွေနဲ့ သရက်မြို့အခြေစိုက် အမှတ် ၁၂ ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ-၁၂ ) ကို ပို့ဆောင်ပြီးနောက် ဩဂုတ်လ ၂၂ ရက်မှာ မင်းတုန်းမြို့ကို စတင် ၀င်ရောက်လာပြီး အာရက္ခတပ်တော် ထိန်းချုပ်ရာနယ်မြေတွေကို စစ်ကြောင်းထိုးနေတာလို့လည်း သိရပါတယ်။
ရွေးတုအစိုးရတပ်ရဲ့ သရက်အခြေစိုက် ခလရ (၄၄)၊ ကပစ (၁၂) နဲ့ လပခ လက်အောက်ခံတပ်တွေ ပါဝင်တဲ့ အင်အား ၁ ထောင်ကျော်ဟာ ဧပြီလ ၁၈ ရက်က စတင်ပြီး မကွေးတိုင်း သရက်-မင်းတုန်း လမ်းကနေ စတင် ဝင်ရောက်လာပြီး အာရက္ခတပ်တော် ထိန်းချုပ်ရာ နယ်မြေတွေကို စစ်ကြောင်းထိုးနေတာလည်း ဖြစ်ပါတယ်။
အလားတူ ရွေးတုအစိုးရတပ်က ဗျူဟာမှူးအဆင့် ဗိုလ်မှူးကြီး အောင်ဇော်မင်းဦး ဦးဆောင်တဲ့ အင်အား ၁၀၀၀ ကျော် ပါရှိတဲ့ စစ်ကြောင်းဟာ ဇွန်လဆန်းကလည်း ထပ်မံ ထိုးစစ် ဆင်ခဲ့ပါတယ်။
