ArticelsPolitic

အာရက္ခပြည် တည်ဆောက်ရေးနှင့် ရုံးသုံးစာ၊ ရုံးသုံးစကား သတ်မှတ်ခြင်း  

‎🖌️မင်းသုတ🖌️

လူမျိုးတိုင်း လူမျိုးတိုင်းတွင် မိခင်စာပေ၊ မိခင်စကား ဟူ၍ ရှိလေသည်။ ထိုနည်းတူစွာပင် နိုင်ငံတိုင်း နိုင်ငံတိုင်းတွင်လည်း ရုံးသုံးစာ၊ ရုံးသုံးစကားဟူ၍ ရှိကြလေသည်။ မိခင်စာပေ၊ မိခင်စကားဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည် လူမျိုးတစ်မျိုးချင်းစီ၏ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်စကားကို ပြောဆိုခြင်း ဖြစ်သည်။ တိုင်းရင်းသားဟုပင် ပြောဆိုသည်ဖြစ်စေ၊ လူမျိုးစုဟုပင် သုံးနှုန်းသည်ဖြစ်စေ သူတို့၏ စာပေသည် သူတို့လူမျိုးအတွက် မိခင်စာပေဖြစ်သလို စကားသည်လည်း သူတို့၏ မိခင်ဘာသာစကား ဖြစ်သည်။

‎နိုင်ငံတော်၏ ရုံးသုံးစာ၊ ရုံးသုံးစကားဆိုသည်မှာ လူမျိုးပေါင်းစုံ ရှိနေသည့်ထဲက ပင်မ နိုင်ငံပိုင်လူမျိုး၏ စာပေနှင့် စကားကို နိုင်ငံတော်၏ ရုံးသုံးစာ၊ ရုံးသုံးစကားအဖြစ် ပြဋ္ဌာန်းခြင်း ဖြစ်သည်။ (ဥပမာ) အင်္ဂလန်နိုင်ငံတွင် အဓိက မူလလူမျိုးဖြစ်သည့် အင်္ဂလိပ်လူမျိုးအပါအဝင် အိန္ဒိယနွယ်ဖွား လူမျိုးများ၊ ပါကစ္စတန်နွယ်ဖွား လူမျိုးများ၊ ဘင်္ဂလားဒေ့ရ်ှနွယ်ဖွား လူမျိုးများ၊ အာဖရိကနှင့် အာရေဗီယံနွယ်ဖွား လူမျိုးများလည်း ယှဉ်တွဲ နေထိုင်ကြသည်။ ဥရောပနွယ်ဖွားလူမျိုးလည်း နေထိုင်ကြသည်။ ထိုနည်းတူစွာ တရုတ်လူမျိုးနှင့် အခြားအာရှနွယ်ဖွား လူမျိုးများလည်း နေထိုင်ကြသည်။ သို့သော် အင်္ဂလန်နိုင်ငံ၏ ရုံးသုံးစာ၊ ရုံးသုံးစကားမှာ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား ဖြစ်သည်။ ရုံးသုံးစာ ဆိုသည်မှာ နိုင်ငံတော်အစိုးရဌာနများ၊ ရုံးများနှင့် အဖွဲ့အစည်းများတွင် စာရွက် စာတမ်းများကို တရားဝင် အသုံးပြု ရေးသားသည့် စာဖြစ်သည်။ ရုံးသုံးစကား ဆိုသည်မှာ နိုင်ငံတော်၏ အစိုးရအုပ်ချုပ်ရေး၊ တရားရေး၊ ပညာရေးနှင့် တရားဝင်ဆက်သွယ်ရေးများတွင် ကြားခံအဖြစ် အသုံးပြုရသော ဘာသာစကားကို ဆိုလိုပါသည်။

‎အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဌာနဆိုင်ရာရုံးများတွင်လည်း သိလိုသည့် အကြောင်းအရာများကို ရက္ခိုင်ဘာသာစကားဖြင့် ရေးသား ဖော်ပြထားကြသည်ကို တွေ့မြင်နေရသည်။  မြို့ထဲ၊ ရွာထဲများတွင်လည်း အသိပေး လမ်းညွှန်ချက် ဆိုင်းဘုတ်များကို ရက္ခိုင်ဘာသာစကားဖြင့် ရေးသား ဖော်ပြထားသည်ကို တွေ့မြင်ကြရမည် ဖြစ်သည်။ အစိုးရဌာနဆိုင်ရာရုံးများတွင် ဆိုပါလည်း  ဝေါဟာရတစ်လုံးချင်းစီကအစ ဗမာအခေါ်အဝေါ်နှင့် ရက္ခိုင်အခေါ်အဝေါ်ဆိုပြီး သရုပ်ခွဲကာ ရှင်းတမ်း ထုတ်ပေးထားသည်ကိုလည်း တွေ့မြင်ကြရမည် ဖြစ်သည်။ ဤသည်ကား ရက္ခိုင်စာ၊ ရက္ခိုင်စကားကို ရုံးသုံးစာ၊ ရုံးသုံးစကားအဖြစ် သတ်မှတ်ထားခြင်း ဆိုသည်ထက် လေးနက်မှု ရှိနေသည်ဟု နားလည်မိပါသည်။ တပ်တော်တွင် ဆိုပါကလည်း စကားလုံး အသုံးအနှုန်းများကို ဗမာလိုပြောထွက်မိပါက ဒိုက်ထိုး (ဒိုင်းထိုး) ခြင်း၊ ထ,ထိုင် (ထိုင်ထ) က,စေခြင်း စသည့် ပြစ်ဒဏ်များကို ချမှတ်ပေးလေ့ ရှိသည်ဟု ကြားသိရသည်။ Online Meeting များ ပြုလုပ်ရာတွင်လည်း ဗမာအသုံးအနှုန်းများဖြင့် ပြောဆိုမိပါက ချက်ချင်းဆိုသလို ဒိုက်ထိုး (ဒိုင်းထိုး) ရသည်ဟု ကြားသိရသည်။ ဘာသာစကား တော်လှန်ခြင်းတစ်မျိုးဟု ပြောဆိုနိုင်ပေသည်။ ထိုနည်းတူစွာ ULA/AA မှ တရားဝင် ပြောင်းလဲသတ်မှတ်ထားသည့် နာမည်များကို မပြောဆိုမိ၊ မခေါ်မိခြင်းမျိုး ဖြစ်လာပါကလည်း ပြစ်ဒဏ်ပေးခြင်းကို ခံယူကြရသည်။ ဥပမာ- အဉ္ဇနပူရကို မင်းပြားဟု ပြောဆိုမိခြင်း၊ ဝီရဌာနီကို ပေါက်တောဟု ပြောဆိုမိခြင်းမျိုး ဖြစ်လာပါက ငွေဒဏ် (၅၀၀၀) ကျပ်ကိုလည်းကောင်း၊ ထ,ထိုင် (ထိုင်ထ) က,ရခြင်းဖြင့်လည်းကောင်း ပြစ်ဒဏ်တစ်မျိုးမျိုးကို ချမှတ်ပေးလေ့ ရှိသည်။

‎နိုင်ငံတစ်နိုင်ငံတွင် မတူကွဲပြားသည့် လူမျိုးများစွာ ရှိလေသည်။ အစိုးရဌာနဆိုင်ရာလည်း အများအပြားပင် ရှိလေသည်။ ယင်းကဲ့သို့ လူမျိုးများ၊ အစိုးရဌာနပေါင်းများစွာ ရှိနေသောကြောင့် ဘာသာစာပေ၊ စကားတစ်မျိုးတည်းကို ရုံးသုံးစာ၊ ရုံးသုံးစကားအဖြစ် သတ်မှတ်ထားခြင်းသည် အမိန့်ညွှန်ကြားချက်များနှင့် အုပ်ချုပ်ရေးလုပ်ငန်းများကို တစ်ပြေးညီ နားလည်စွာ ဆောင်ရွက်နိုင်စေသည်။ ယင်းကြောင့်လည်း နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် ရုံးသုံးစာ၊ ရုံးသုံးစကားအဖြစ် သတ်မှတ်ပေးထားရခြင်း ဖြစ်သည်။ ရုံးသုံးစာ၊ ရုံးသုံးစကားကို နိုင်ငံအတွင်းရှိ လူမျိုး (နိုင်ငံသား) တိုင်း တတ်မြောက်ထားရန် လိုအပ်ပါသည်။ ကျွမ်းကျင်စွာတတ်မြောက်ထားပါက အကောင်းဆုံးဖြစ်သည်။ နိုင်ငံသားတိုင်း ရုံးသုံးစာ၊ ရုံးသုံးစကားကို တတ်မြောက်လာစေရန် ဖော်ဆောင်ရသည့် တစ်ခုတည်းသောနည်းလမ်းမှာ ပညာရေးတွင် တရားဝင် ပြဋ္ဌာန်းပေးခြင်းပင် ဖြစ်သည်။ ယင်းကြောင့်လည်း နိုင်ငံတိုင်း နိုင်ငံတိုင်းတွင်  ရုံးသုံးစာကို ပညာရေး၏ သင်ရိုးပြဋ္ဌာန်းချက်တွင် ပထမဦးစားပေးအဖြစ် ပြဋ္ဌာန်းပေးလေ့ ရှိကြသည်။

‎ယနေ့အချိန် ရက္ခိုင်စာကို ပညာရေးတွင် ပြဋ္ဌာန်းပေးခြင်းသည် ရုံးသုံးစာကို နိုင်ငံသားတိုင်း တတ်မြောက်လာစေရန် ရည်ရွယ်ချက်ကြောင့်ဟု ယုံကြည်မိပါသည်။ အတန်းစုံ စာမေးပွဲ ဖြေဆိုကြရသည့်အခါလည်း ရုံးသုံးစာ၊ ရုံးသုံးစကားအဖြစ် ပြဋ္ဌာန်းပေးထားသည့် ဘာသာရပ်ကို ပထမဆုံး ဖြေဆိုကြရလေ့ရှိသည်။ ရုံးသုံးစာအဖြစ်ပြဋ္ဌာန်းပေးထားသည့် ဘာသာရပ်ကို ဖြေဆိုပြီးမှ တခြားသောဘာသာရပ်များကို ဖြေဆိုကြရသည်။ သို့သော်လည်း လူမျိုးစုများ၏ စာပေကိုလည်း ပညာရေးတွင် သင်ကြားခွင့်ရရှိလာအောင် စွမ်းဆောင်ပေးကြရမည်ဟု ရှုမြင်မိသည်။ ဥပမာ- ခမီစာပေ၊ သက်စာပေ အစရှိသဖြင့် ဖြစ်သည်။ ဤသည်လည်း တိုင်းပြည်အေးချမ်း တည်ငြိမ်သည့်ကာလသို့ ရောက်လာချိန်တွင် အစိုးရဖက်က ထည့်သွင်း စဉ်းစားပေးလိမ့်မည်ဟု ယူဆမိပါသည်။

‎အာရက္ခပြည် (ရက္ခိုင်ပြည်) ကို ဗမာအစိုးရမင်းများ အုပ်ချုပ်ခဲ့ကြသည့်အခါလည်း ဗမာစာကို ရုံးသုံးစာ၊ ဗမာစကားကို ရုံးသုံးစကားအဖြစ် သတ်မှတ်ပြဋ္ဌာန်းပေးခဲ့သည်။ မြန်မာစာဘာသာရပ်ကိုလည်း မူလတန်းကအစ ဒွါဒသမတန်းအထိ အတန်းတိုင်းတွင် ပြဋ္ဌာန်းပေးထားခဲ့သည်။ တက္ကသိုလ်ကို ရောက်သည့်အခါလည်း မြန်မာစာမေဂျာတစ်ခု သတ်မှတ်ချက် ရှိလေသည်။ ပြည်နယ်တိုင်း ပြည်နယ်တိုင်းတွင်လည်း အစိုးရဌာနဆိုင်ရာက အကြီးအကဲပုဂ္ဂိုလ်များသည် ဗမာလူမျိုးများ ဖြစ်နေကြသည်။ ဗမာအစိုးရမင်းများ အုပ်ချုပ်ခဲ့စဉ် ကာလများအတွင်း ရှမ်းပြည်၊ ကချင်ပြည်၊ ကရင်ပြည်၊ ရက္ခိုင်ပြည် အစရှိသဖြင့် ပြည်များတွင် တာဝန်ကျ အစိုးရဌာနဆိုင်ရာက တာဝန်ရှိပုဂ္ဂိုလ်များသည် အဆိုပါလူမျိုးများ၏ မိခင်ဘာသာစကားကို ပြောဆိုတတ်ကြပါသော်လည်း ရုံးသုံးစကားအဖြစ်ပြဋ္ဌာန်းထားသည့် သူတို့၏ မိခင်ဗမာစကားကိုသာ ပြောဆိုကြသည်။ အဆိုပါ ဒေသခံ ဌာနီလူမျိုးများသည်လည်း ဗမာစကားကို နားလည်ရန် ကြိုးစားကြရသည်။ ဗမာစကားကို ပြောဆိုတတ်ရန်လည်း ကြိုးစားကြရသည်။ မိမိတို့ လူမျိုးအချင်းချင်းဆိုပါက မိခင်ဘာသာစကားဖြင့် ပြောဆိုလေ့ ရှိကြသည်။ ၂၀၁၂ ခုနှစ် မတိုင်မီကာလများတွင် ရှမ်းပြည်တွင် မြန်မာစာကို အခြေခံအားဖြင့် တတ်မြောက်ထားကာ ဗမာစကားကို ပြောဆိုတတ်ပါက ကျေးရွာအုပ်ချုပ်ရေးမှူး (ဥက္ကဋ္ဌ) များအဖြစ် ရွေးကောက်ခံရသည်ဟုလည်း ကြားသိခဲ့ရသည်။

‎ယနေ့အချိန်တွင် ULA/AA သည် စစ်ရေးနှင့် နိုင်ငံရေး အောင်မြင်မှုများ ရရှိလာသည်နှင့်အမျှ ဌာနဆိုင်ရာများကို တည်ဆောက်ကာ တော်လှန်ရေးအစိုးရတစ်ရပ်အနေဖြင့် စနစ်တကျ လည်ပတ်နေခြင်း ဖြစ်သည်။ ထိုအထဲတွင် ပညာရေးဌာနတစ်ခုလည်း အပါအဝင် ဖြစ်သည်။ ULA/AA သည် ပညာရေးဌာနကို ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်မှစ၍ ကိုင်တွင်လာခြင်း ဖြစ်သည်။ “အာရက္ခအမျိုးသားပညာရေးဌာန” ဆိုသည့် ခေါင်းစဉ်ဖြင့် တရားဝင် ကိုင်တွယ်လာခြင်းလည်းဖြစ်သည်။ ၂၀၂၆- ၂၀၂၇ ပညာသင်နှစ်တွင်မူ အာရက္ခအမျိုးသားပညာရေးဌာနသည် ပညာရေးစနစ်တစ်ခုကို အပြောင်းအလဲလုပ်ရန် စတင်လာသည်ကို တွေ့မြင်နေရသည်။ ထိုအထဲတွင် မြန်မာစာဘာရပ်ကို ရက္ခိုင်စာ ဘာသာရပ်အဖြစ် အစားထိုးလိုက်ခြင်းလည်း အပါအဝင် ဖြစ်သည်။ အတန်းစုံ၊ ဘာသာစုံ အားလုံးကိုလည်း “ရက္ခိုင်သင်ရိုးမူဘောင်သစ်” အဖြစ် ရေးဆွဲနေသည်ဟု ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၁) ရက်တွင် ပြုလုပ်ခဲ့သည့်  ULA/AA ၏ (၁၀) ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် ဆရာခိုင်သုခ၏ ထုတ်ဖော် ပြောပြချက်အရ သိရှိခဲ့ရသည်။

‎သို့သော်လည်း အဆိုပါ သင်ရိုးမူဘောင်သစ်ကို အစိုးရဖက်က ယနေ့အချိန်ထိ ပြဋ္ဌာန်းပေးခြင်း မရှိသေးသလို ကျောင်းသားများအား သင်ပြပေးခြင်းလည်း မရှိသေးပေ။ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်ကစပြီး “သမိုင်းဘာသာရပ်တွင် မြန်မာ့သမိုင်းကို မသင်ရ” ဆိုပြီး အစိုးရဖက်က တရားဝင် ညွှန်ကြားချက် ပေးထားခဲ့သည်။ ယင်းကြောင့် ကျောင်းသားများသည် ကမ္ဘာ့သမိုင်းဆိုင်ရာ တစ်ခုတည်းကိုသာ သင်ယူခဲ့ကြရသည်။ ယနေ့အချိန်ထိလည်း မြန်မာ့သမိုင်းကို သင်ကြားခွင့်မရှိတော့ပါ။ မြန်မာ့သမိုင်း (ခေါ်) ဗမာ့သမိုင်းစာမျက်နှာများတွင် အခိုင်အမာ နေရာယူထားကြသည့် ကျန်စစ်သား၊ ဘုရင့်နောင်၊ အနော်ရထာ၊ အောင်ဇေယျ၊ ပဒုံမင်း (ရက္ခိုင်အခေါ် ဘိုးတော်မောင်ဝိုင်း) အစရှိသည့် ဗမာရာဇာများကို အာရက္ခပြည်၏ ပညာရေးနယ်ပယ်ထဲက အဆုံးစီရင်ချက် ချမှတ်ထားခြင်းလည်းဖြစ်သည်။ ၂၀၂၆- ၂၀၂၇ ပညာသင်နှစ်တွင်ကား ဒွါဒသမတန်းဆိုင်ရာ မြန်မာစာဘာသာရပ်ကို ဖယ်ရှားလိုက်သည်။ ရက္ခိုင်စာဘာသာရပ်ကို တရားဝင် အစားထိုးပေးလိုက်သည်။ စာသင်ခန်းထဲက မြန်မာစာဘာသာရပ်ကို အောင်မြင်စွာ တော်လှန် တိုက်ထုတ်လိုက်ခြင်းပင် ဖြစ်သည်။

‎မြန်မာစာဘာသာရပ်အစား ရက္ခိုင်စာဘာသာရပ်ကို အစားထိုးပေးလိုက်ခြင်းသည် အာရက္ခပြည်တွင် ရက္ခိင်စာကို ရုံးသုံးစာ၊ ရက္ခိုင်စကားကို ရုံးသုံးစကားအဖြစ် တရားဝင် သတ်မှတ်ကြေညာလိုက်ခြင်းဟုလည်း ပြောဆိုနိုင်သည်။ စစ်ကောင်စီအစိုးရ အုပ်ချုပ်ခဲ့စဉ်က မြန်မာစာသည် ရုံးသုံးစာ ဖြစ်နေခဲ့သည်။ ဗမာစကားသည်လည်း ရုံးသုံးစကား ဖြစ်နေခဲ့သည်။ ယင်းကြောင့် မြန်မာစာဘာသာရပ်ကို သင်ယူခဲ့ကြရသည်။ အုပ်ချုပ်သူ ဗမာလူတန်းစားများနှင့်လည်း ဗမာစကားကို မပီကလာ ပီကလာဖြင့် လျှာဂျွမ်းထိုးကာ ပြောဆိုခဲ့ကြရသည်။ ယနေ့အချိန်တွင် အာရက္ခတပ်တော်သည် ရန်သူတော် စစ်ကောင်စီကို ငယ်နိုင်ပမာ အလဲထိုးကာ အာရက္ခပြည်၏ မြို့နယ်အများစုထဲက အောင်မြင်စွာ မောင်းထုတ်ထားနိုင်ခဲ့ပြီး ဖြစ်သည်။ ယင်းကြောင့် မြန်မာ (ဗမာ) စကားကို ပြောဆိုရန် မလိုတော့သလို မြန်မာစာဘာသာရပ်ကို သင်ယူစရာ မလိုတော့ဆိုသည့် သဘောဖြင့် မြန်မာစာဘာသာရပ်ကို စာသင်ခန်းထဲက တရားဝင် ဖယ်ရှားပေးလိုက်ခြင်းဟုလည်း နားလည်ရပါသည်။ အာရက္ခပြည်တွင် ဗမာစကားကို မြေမြှုပ်သင်္ဂြိုလ်လိုက်ခြင်းပင် ဖြစ်သည်။

‎အာရက္ခပြည်အတွင်း အတူတကွ ယှဉ်တွဲနေထိုင်ကြသည့် ခမီ၊ သက်၊ မြို၊ ဒိုင်းနက်၊ ချင်း၊ ဟိန္ဒူ၊ မွတ်ဆလင် စသည့် မတူကွဲပြားသော လူမျိုးစုများသည်လည်း ယေဘုယျအားဖြင့် ရက္ခိုင်စကားကို နားလည်ကြပါသည်။ ရက္ခိုင်စကားကိုလည်း ပြောဆိုနိုင်ကြပါသည်။ ဝေးလံခေါင်းပါးသည့် အရပ်ဒေသများက ဒေသခံမျိုးဆက်သစ်များ အနည်းငယ်သာ ရက္ခိုင်စကားကို နားလည်မှုစွမ်းရည် နည်းပါးနေကြရသည်။ အဆိုပါ ဒေသခံများသည် စစ်ကောင်စီအစိုးရ အုပ်ချုပ်ခဲ့စဉ်ကာလများကလည်း ဗမာစကားကို နားလည်မှု အားနည်းသူများနှင့် လုံးဝ နားမလည်သူများဟုပင် ပြောဆိုနိုင်သည်။ ယနေ့အချိန်တွင် အာရက္ခပြည်တွင် ULA/AA အစိုးရ ဖြစ်လာသည်နှင့်အမျှ အာရက္ခပြည်အတွင်း နေထိုင်ကြသည့် လူမျိုးတိုင်းသည် ရက္ခိုင်စာကို သင်ယူ တတ်မြောက်လာကြပါတော့မည်။ မြန်မာစာအစား ရက္ခိုင်စာကို တတ်မြောက်ရန်နှင့် ဗမာစကားအစား ရက္ခိုင်စကားကို တတ်ကျွမ်းရန် လိုအပ်ကြောင်း နားလည် သဘောပေါက်လာကြသည်။  စာရေးသူသည် ကျောက်တော်မြို့နယ်၊ ပီချောင်းဒေသရှိ မွတ်ဆလင်ကျေးရွာတစ်ရွာတွင် မွတ်ဆလင်ကျောင်းသားများကို ပညာသင်နှစ် (၁) နှစ် စာသင်ပြပေးခဲ့ဖူးသည်။ မူလတန်းနှင့် အလယ်တန်းကျောင်းသားများကို တာဝန်ယူ သင်ပြပေးခဲ့ခြင်း ဖြစ်သည်။ မွတ်ဆလင်ကျောင်းသား မိဘများသည် သူတို့၏ သားသမီးများအား ရက္ခိုင်စကားကို တတ်ကျွမ်းစွာ ပြောဆိုတတ်ကြရန် လိုလားကြပါသည်။ ရက္ခိုင်စာကို ရေးတတ်ရန်လည်း လိုလားကြပါသည်။

အာရက္ခပြည် (ရက္ခိုင်ပြည်) တွင် နေထိုင်ပါက ရက္ခိုင်စကားကို ကျွမ်းကျင်စွာ ပြောဆိုတတ်ရန် လိုအပ်သလို ရက္ခိုင်စာကို ရေးတတ်ရန် လိုအပ်ကြောင်းကိုလည်း နားလည် လက်ခံထားကြပါသည်။ ယင်းကြောင့် စာရေးအသူ အပါအဝင် ရက္ခိုင်ဆရာ/မများနှင့် သင်ယူရပါက ဗိုက်ဆာနေသူကို နတ်သုဒ္ဓါ ကျွေးမွေးပေးလိုက်သည့်ပမာ ဝမ်းမြောက်ဝမ်းသာ ဖြစ်လေ့ ရှိကြသည်။ တချို့ဆိုပါက သူတို့၏ သားသမီးများကို နီးစပ်ရာ ရက္ခိုင်ကျောင်းများတွင် ထားပေးလေ့ ရှိကြသည်။ ရက္ခိုင်စကားကို ကျွမ်းကျင်စွာ ပြောဆိုတတ်ရန်နှင့် လူမှုဆက်ဆံရေး ကောင်းမွန်လာစေရန် လိုလား၍ ရက္ခိုင်ကျောင်းများတွင် ကျောင်းထားပေးကြခြင်းပင် ဖြစ်သည်။ မျက်မှောက်ကာလတွင် အာရက္ခပြည်သူတိုင်းသည် ရက္ခိုင်စာကို သင်ယူ တတ်မြောက်ခွင့် ရရှိလာကြမည် ဖြစ်သည်။ တာဝန်ယူ သင်ပြပေးကြရသည့် ဆရာ/မများကလည်း စေတနာတရားကို ရင်မှာထားကာ သင်ပြပေးကြရန် လိုအပ်ပါသည်။ အထူးသဖြင့် ခမီ၊ မြို၊ သက် အစရှိသည့် လူမျိုးစုများနေထိုင်ရာ ကျေးရွာများတွင် တာဝန်ယူ သင်ပြပေးကြရသည့် ဆရာ/မများအနေဖြင့် စိတ်ရှည်၊ ဇွဲသန်၊ သည်းခံကာ သင်ပြပေးကြမည်ဟု ရှုမြင်မိပေသည်။ 

Related posts

ကြံ့ဖွံ့ကလူတွေ အမတ်ဖြစ်ရင် လူထုကို ဖိနှိပ်ဖို့ပဲရှိ

Rakhita Times

‎စစ်တွေမှာ တည်းခိုခန်းပိုင်ရှင်တချို့ လိင်ပွဲစား လုပ်ဆောင်နေ

Rakhita Times

ငသိုင်းချောင်း အမြောက်တပ်ကို AA ထိုးစစ်ဆင်

Rakhita Times

Leave a Comment