BusinessNewsPolitic

စစ်တွေမှာ ကွမ်းစားဆေးပေါင်းရည်တွေကို ဖမ်းပြီး မီးရှို့ပစ်နေ

အာရက္ခတိုင်းမ်စ် (၃၀ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေမြို့မှာ သင်္ဘောနဲ့ပါလာတဲ့ ကုန်ပစ္စည်းတွေထဲ ကွမ်းစားဆေးပေါင်းရည်တွေကို စစ်ကော်မရှင်က ဖမ်းပြီး မူဆလင်ရွာဘက်မှာ မီးရှို့ပစ်တယ်လို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“သင်္ဘောနဲ့ ပါလာတဲ့အထဲမှာ ကွမ်းမှာထည့်တဲ့ ဆေးပေါင်းရည်လေ အဲဒီဆေးပေါင်းရည်အားလုံးကို ဖမ်းပြီးရင် အစိုးရရုံးက ဖမ်းတာလား၊ အစိုးရဘက်က ဖမ်းတာပါပဲ။ ဖမ်းပြီးတာနဲ့ ကုလားရွာမှာ အားလုံး မီးရှို့တယ်လို့တော့ သိရပါတယ်။ ဘာအတွက် ဆေးပေါင်းရည်တွေကို ဖမ်းတယ်ဆိုတာတော့ မပြောတတ်ပါ” လို့ သူက ပြောပါတယ်။

ရန်ကုန်ကနေလာတဲ့ ကုန်တင်သင်္ဘောတွေကို စစ်ကော်မရှင်တပ်ရဲ့ ခွင့်ပြုချက်နဲ့သာ သယ်ယူခွင့် ရှိတာကြောင့် စစ်တွေမြို့တွင်း ကုန်စည်စီးဆင်းမှုက ပုံမှန်မရှိပါဘူး။

စစ်တွေမြို့က ဒေသခံလူထု အများအပြားဟာ ကွမ်းယာကို အင်မတန်စားသုံးကြသူတွေ ဖြစ်တာကြောင့် အခုလို ဆေးပေါင်းရည်တွေကို ဖမ်းဆီး မီးရှို့မှုကြောင့် ကွမ်းယာတွေ ဈေးတက်သွားနိုင်တယ်လို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ဆေးပေါင်းရည်တွေကို ဖမ်းတယ်ဆိုရင်တော့ အခုကတော့ ဈေးမတက်သေးဘူး။ နောက်ဆိုရင် အဲဒီလို ဖမ်းတယ်၊ ဖမ်းဖို့လို့ ပြောသံကြားတယ်ဆိုရင် မီးရှို့တယ်လို့ ပြောသံကြားတယ်ဆိုရင် ဈေးတက်ပါဖို့မလားယေ။ ဘာဖြစ်လို့ဆို ကွမ်းယာက လူတိုင်းနီးပါး စားနေကြတာကို။ မစားတဲ့လူက ၁၀၀ မှာ တစ်ယောက်ပဲရှိတယ်။ အားလုံးသူက မိုးလင်းလာတာနဲ့ အိပ်ယာကထတာနဲ့ မျက်စိနှစ်လုံး ပွင့်တာနဲ့ စားဖို့သောက်ဖို့ အဓိက ကွမ်းက အရေးပါ။ တချို့ဆိုရင် ဟင်းစားဝယ်ဖို့ သွားတာမဟုတ်ဘူး။ ကွမ်းရွက်၊ ကွမ်းသီး ဝယ်ဖို့သွားတာ အဲဒီလိုမျိုးလည်းရှိတယ်။ အဲဒီဆေးပေါင်းရည်လည်း အိမ်မှာ စားတဲ့လူတွေမှာ အဲဒီဆေးပေါင်းရည်၊ ကွမ်း၊ ကွမ်းရွက်၊ ကွမ်းသီးကို ဝယ်လို့ ထည့်ပြီး စားကြတာကို” လို့ သူက ပြောပါတယ်။

စစ်ကော်မရှင်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့ စစ်တွေမြို့မှာ စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကို ဒေသခံတွေ ဆိုးဆိုးရွားရွား ရင်ဆိုင်ခံစားနေကြရတာပါ။

စစ်ကော်မရှင်တပ်ရဲ့ ‘ဖြတ်လေးဖြတ်’ ဗျူဟာကြောင့် အခြေခံစားသောက်ကုန် အဆမတန် မြင့်တက်လာမှုနဲ့အတူ အလုပ်အကိုင် ရှားပါးမှုကြောင့် စစ်တွေဒေသခံတွေဟာ အငတ်ဘေးဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်နေကြရပါတယ်။

Related posts

ရက္ခိုင်ရေပိုင်နက်ထဲ ငါးခိုးဖမ်းတဲ့ ဘင်္ဂလားနိုင်ငံသား ၇ ဦးကို AA ဖမ်းဆီး

Rakhita Times

ကျောက်တော်တွင် ခြံစောင့်သမီးကို မုဒိန်းကျင့်တဲ့ ခြံရှင်ကို ထောင်ဒဏ် နှစ် ၃၀ ချမှတ်

Rakhita Times

ရက္ခိုင်ပြည် အဝင်အထွက် ဂိတ်တွေကို စကမ ထိန်းချုပ်ရန်ပြင်ဆင်နေ

Rakhita Times

Leave a Comment