အာရက္ခတိုင်းမ်စ် (၃၀ အောက်တိုဘာ ၂၀၂၆)
ရက္ခိုင်ပြည်အတွင်း အရပ်သားတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကို ရက္ခိုင်အရပ်ဘက် ပရဟိတအဖွဲ့ ၇၀ က ရှုတ်ချထားပါတယ်။
အဖွဲ့တွေရဲ့ အောက်တိုဘာလ ၃၀ ရက်စွဲပါ သဘောထားထုတ်ပြန်ချက်မှာ စစ်ကောင်စီတပ်က ကျောက်တော်၊ သံတွဲ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ပလက်ဝနဲ့ စစ်တွေ စတဲ့ မြို့နယ်တွေက ဈေးတွေ၊ စစ်ဘေးရှောင်စခန်းတွေ၊ ဆေးခန်းတွေနဲ့ လူနေရပ်ကွက်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။
ထုတ်ပြန်ချက်အရ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပိတ်ဆို့မှုတွေကြောင့် စက်တင်ဘာလ တစ်လတည်းမှာ အရပ်သား ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၄ ရက်အထိ စာရင်းအရ ရက္ခိုင်ပြည်တစ်ဝန်း အရပ်သားသေဆုံးသူ ၁,၁၅၂ ဦးထက်မနည်း ရှိလာပါတယ်။
ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ခံရတာ၊ ဆေးဝါးနဲ့ အခြေခံကုန်ပစ္စည်းတွေ ပြတ်လပ်တာတွေကြောင့် စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူတွေ အငတ်ဘေးအန္တရာယ်နဲ့ စားဝတ်နေရေး အကျပ်အတည်း ရင်ဆိုင်နေရကြောင်းလည်း အဖွဲ့တွေက ဖော်ပြပါတယ်။
အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေဟာ ဂျနီဗာကွန်ဗင်းရှင်းနဲ့ ရောမစာချုပ်တို့ကို ချိုးဖောက်တဲ့ စစ်ရာဇဝတ်မှုတွေ ဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။
အဖွဲ့တွေက နောက်ထပ် အစုလိုက်အပြုံလိုက် သေဆုံးမှုတွေ မဖြစ်စေဖို့ ရက္ခိုင်ပြည်အထက် ကောင်းကင်ကို “လေယာဉ်မပျံသန်းရဇုန် (No-Fly Zone)” အဖြစ် နိုင်ငံတကာက အရေးပေါ် သတ်မှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
ဒါ့အပြင် အငတ်ဘေးကြုံနေရတဲ့ စစ်ဘေးရှောင်တွေဆီကို နယ်စပ်ဖြတ်ကျော် လမ်းကြောင်းတွေကနေ အရေးပေါ် နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီတွေ တိုက်ရိုက်ပေးဖို့၊ လေယာဉ်ဆီနဲ့ လက်နက် တင်ပို့မှုတွေကို အပြည့်အဝ ပိတ်ဆို့အရေးယူဖို့နဲ့ IIMM ကတစ်ဆင့် ကျူးလွန်သူတွေကို ထိရောက်စွာ တာဝန်ခံစေဖို့လည်း တောင်းဆိုထားပါတယ်။
