NewsPolitic

ငဖဲတိုက်ပွဲတွင် စစ်ကော်မရှင်အလောင်း ၂၀ ကျော် ရရှိခဲ့တယ်လို့ AA ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၁၆ သြဂုတ် ၂၀၂၅)

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် စွန်တက်ကျေးရွာအနီးမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကော်မရှင် အလောင်း ၂၀ ခန့်နဲ့အတူ စစ်လက်နက် အသုံးအဆောင်တွေကိုသိမ်းဆည်းရမိခဲ့တယ်လို့ အာရက္ခတပ်တော် က ရုပ်သံနဲ့ တကွ ထုတ်ပြန်ခဲ့ပါတယ်။

“မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် စွန်တက်ကျေးရွာရဲ့ မြောက်ဘက် မီတာ (၃၀၀၀) ကျော် အကွာအဝေးတွင် အာရက္ခတပ်တော် တပ်ဖွဲ့များရှိရာ စစ်ကော်မရှင်ရဲ့ တပ်မ (၉၉) လက်အောက်ခံတပ်များက ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၄ ရက် နေ့လယ် ၂ နာရီ ၅၄ မိနစ် အချိန်ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ကာ မိနစ် ၃၀ ခန့်ကြာ တိုက်ပွဲအတွင်း စစ်ကော်မရှင် အလောင်း ၂၀ ကျော် နဲ့အတူ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်” လို့ အာရက္ခတပ်တော်က ဆိုပါပါတယ်။

အာရက္ခတပ်တော်အနေနဲ့ မျှော်မှန်းထားတဲ့ စစ်ရေးရည်မှန်းချက်တွေ အလုံးစုံ အထမြောက်စေဖို့အတွက် ရန်သူစစ်ကောင်စီတပ်နဲ့ ရင်ဆိုင်ထားတဲ့ နေရာတွေမှာ ရပ်တန့်ခြင်း မရှိသေးတဲ့ တိုက်ပွဲတွေနဲ့အတူ အပြီးသတ် မြို့သိမ်းတိုက်ပွဲတွေအဖြစ် ကျန်ရှိနေသေးတဲ့ နေရာတွေ၊ ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက် ရန်သူ့ထိုးစစ်တွေကို ခုခံဆင်နွှဲလျက်ရှိတဲ့ နေရာတွေ ဖြစ်ကြတဲ့ ရက္ခိုင်-မကွေးအစပ်၊ ရက္ခိုင်- ပဲခူးအစပ်၊ ရက္ခိုင်- ဧရာဝတီအစပ်တွေနဲ့ အာရက္ခတပ်တော် လှုပ်ရှားအခြေပြုရာ အခြားသောနေရာတွေမှာ ရှုံးနိမ့်နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ အာရက္ခတပ်တော်တို့အကြား တိုက်ပွဲတွေဟာ တစ်နှစ် နဲ့ကိုးလကျော်ကြာသည့်တိုင် ရပ်တန့်ခြင်းမရှိသေးဘဲ ယနေ့အထိ ဆက်လက်ဖြစ်ပွားလျက်ရှိနေတယ်လို့လည်း ဆိုပါတယ်။

အာရက္ခတပ်တော်ရဲ့ စစ်ရေးရည်မှန်းချက်တွေ အပြည့်အဝ အကောင်အထည်ဖော်နေတဲ့ တိုက်ပွဲတွေဟာ ရက္ခိုင်-မကွေးအစပ်၊ ရက္ခိုင်-ပဲခူးအစပ်၊ ရက္ခိုင်- ဧရာဝတီ အစပ်တွေနဲ့ အာရက္ခတပ်တော် လှုပ်ရှားအခြေပြုရာ အခြားသောနေရာတွေမှာ နေ့တိုင်းနီးပါး ဆက်လက် တိုက်ပွဲဖြစ်ပွားနေတယ်လို့လည်း ဆိုပါတယ်။

အလားတူ စစ်ရေး၊ နိုင်ငံရေးနဲ့ နိုင်ငံတကာ စာမျက်နှာတွေမှာ အထိနာနေတဲ့ စစ်ကော်မရှင်က ဆုတ်ခွာထွက်ပြေးနေတဲ့ တပ်သားတွေကို အာရက္ခတပ်တော် က လိုက်လံချေမှုန်း တိုက်ခိုက်လျက်ရှိနေတယ်လို့လည်း အာရက္ခတပ်တော် ဆိုပါတယ်။

ရုပ်သံကြည့်ရှုလိုပါက t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်။

Related posts

စကမက စစ်သင်တန်းဆင်းတွေကို နဖူးနဲ့ပါးမှာ တက်တူးထိုးပြီး ရှေ့တန်းပို့ခံနေရလို့ AA ထံ ထွက်ဆို

Rakhita Times

ရက္ခိုင်သမိုင်းဆိုင် ရာသုတေသနသင်တန်း ဖွင့်လှစ်မည်

Rakhita Times

ရက္ခိုင်ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ညီညွတ်မှုကို ပြချင်တာကြောင့် ဘုရားရေသပ္ပါယ်ပွဲ ပြုလုပ်

Rakhita Times

559 comments

Leave a Comment