အာရက္ခတိုင်းမ်စ် (၁၉ စက်တင်ဘာ ၂၀၂၆
ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ရှိ ပွိုင့် ၆၆၆ အကျော်က ရွေးတုအစိုးရတပ်ရဲ့ ထောက်ပို့စခန်းကို အာရက္ခတပ်တော်က သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။
ရက္ခိုင်ပြည် တောင်ကုတ်မြို့နယ်နဲ့ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ ရိုးကျော်လမ်းပေါ်က အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ပွိုင့် (၆၆၆) ကုန်းနဲ့ ညောင်ကျိုးစခန်းတို့ကို ရွေးတုအစိုးရတပ်က ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ပန်းတောင်းမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၆) ရဲ့ အဓိက ပွိုင့်ကုန်းတခုဖြစ်တဲ့ ၆၆၆ ကုန်းနဲ့ ညောင်ကျိုးစခန်းတို့ကို စက်တင်ဘာလ ၄ ရက်ကစတင်ပြီး အင်အား ၃၀၀ လောက်နဲ့ စစ်ကြောင်းခွဲကာ စက်တင်ဘာလ ၁၈ ရက်အထိ ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။
တိုက်ပွဲအတွင်း ရွေးတုအစိုးရတပ် တပ်ဖွဲ့ဝင်တွေ အထိနာပြီး နောက်ဆုတ်သွားခဲ့ရသလို ပွိုင့် ၆၆၆ နဲ့ ကပစ ၁၆ ကြားမှာရှိတဲ့ ရွေးတုအစိုးရတပ်ရဲ့ ထောက်ပို့စခန်းတစ်ခုကိုလည်း အာရက္ခတပ်တော်က ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်လိုက်လို့ ရွေးတုအစိုးရတပ်တွေဟာ ကပစ ၁၆ ဘက်ကို ဆုတ်ခွာသွားခဲ့ရတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ညောင်ကျိုးဘက်ကို ထိုးစစ်ဆင်လာတဲ့ ရွေးတုအစိုးရတပ် စစ်ကြောင်းနဲ့ အာရက္ခတပ်တော်တို့ဟာ လေလာတောင်နဲ့ ညောင်ကျိုးကြားမှာ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး ရွေးတုအစိုးရတပ်က ဆင်လန်ကျေးရွာ အထိုင်စခန်းကနေ လက်နက်ကြီးနဲ့ ဒရုန်း ပစ်ကူပေးနေတယ်လို့ သိရပါတယ်။
အာရက္ခတပ်တော်ဟာ တောင်ကုတ်-ပန်းတောင်း လမ်းပေါ်က ၆၆၆ ပွိုင့်ကုန်းကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၄ ရက်မှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး ညောင်ကျိုးဗျူဟာစခန်းကုန်းကိုတော့ ၂၀၂၅ ခုနှစ် ဧပြီလ ၂ ရက်မှာ အပြီးတိုင် သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။
