အာရက္ခတိုင်းမ်စ် (၂၄ စက်တင်ဘာ ၂၀၂၆)
ဂျပန်နိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်ကြမယ့် မြန်မာလူငယ်တွေကို အေးဂျင့်တချို့က အပိုငွေ အများအပြား ထပ်မံ တောင်းခံနေကြတယ်လို့ ဂျပန်ကိုသွားရောက် အလုပ်လုပ်ကိုင်ဖို့ ပြင်ဆင်နေကြတဲ့ လူငယ်တွေထံက သိရပါတယ်။
လက်ရှိမှာ ပြည်ပထွက်လိုတဲ့ လူငယ်တွေကြောင့် တရားဝင်သာမက တရားမဝင် အေးဂျင့်တွေပါ ပိုမို ပေါများလာနေပြီး အခုလို အပိုဝင်ငွေတွေ တောင်းလာနေကြတာပါ။
မိတ်ဆက်ကြေးအဖြစ် ဒေါ်လာ ၃၀၀ ပေးရကြောင်း၊ ဒါ့အပြင် ဘာမှ သေချာမသင်ပေးဘဲ သင်တန်းကြေးအဖြစ် ၃ သိန်းပေးရကြောင်း ဂျပန်ကို သွားရောက်ခဲ့တဲ့ လူငယ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“အင်တာဗျူး ထည့်ပေးတယ်ပေါ့လေ။ အင်တာဗျူး ထည့်ပေးတဲ့အခါကြတော့ အင်တာဗျူးလည်း အောင်ပြီး deposit လည်း သွင်းပြီးတဲ့အခါ မိတ်ဆက်ကြေးဆိုပြီး ဒေါ်လာ ၃၀၀ ကောက်တယ်။ ဒါကြတော့ အပိုတွေပေါ့လေ မိတ်ဆက်ကြေးဆိုတာ ဒီလို ရှိတာလေ ကျောင်းတစ်ကျောင်းနဲ့ တစ်ကျောင်း ကျောင်းသားလိုလို့ပေးရင် မိတ်ဆက်ကြေးတွေ ပေးကြရတာကို။ သူက ဂျပန်နဲ့ ကုမ္ပဏီနဲ့ စာချုပ်ချုပ်ပြီး အေဂျင်စီ တိုက်ရိုက်ပို့တာဆိုတော့ မိတ်ဆက်ကြေးဆိုတာကြီးက များတာပေါ့လေ။ တကယ်တမ်းကြတော့ အဲဒီလို ယူတဲ့ ထုံးစံမရှိကြဘူး။ တော်တော်များများကတော့ မိတ်ဆက်ကြေး ၃၀၀ ပြီးတဲ့အခါကြ တော့ ကမ့်ပ်သွင်းတယ်ဆိုပြီး သင်တန်းကြေး အွန်လိုင်းကနေ နည်းနည်းသင်တာပါ။ တစ်ပတ်၊ နှစ်ပတ် သင်တာကလည်း သင်တယ်ဆိုတဲ့ ဟန်ပြသပ်သပ်ပါပဲ။ ကွန်နီချိဝါး ဘာညာလောက်ပဲ။ ပိုက်ဆံက ၃ သိန်းယူတယ်” လို့ သူက ပြောပါတယ်။
ဒါ့အပြင် deposit အဖြစ် ကျပ်ငွေ ၁၀ သိန်းလည်း ယူပြီး ၁ နှစ်အတွင်း အလုပ်မှ ထွက်မပြေးပါက အဲဒီ ငွေတွေကို ၆ လတစ်ကြိမ် ၅ သိန်းနှုန်းနဲ့ ပြန်ပေးတာကို mobile pay တွေနဲ့ မဟုတ်ဘဲ မိဘတွေကိုယ်တိုင် လာထုတ်ခိုင်းတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
“ယူတဲ့အပြင်ကို ပြီးကြတော့ COE ထွက်ပြီးတဲ့အခါ COE မပေးဘူး ဒါပေမယ့် စာချုပ်ချုပ်တယ်။ မိတ်ဆက်ကြေး ၃၀၀ လည်း ပိုကောက်တယ်။ သင်တန်းကြေးဆိုပြီး ၃ သိန်း ကောက်တယ်။ နောက်တစ်ခါ ဘာသွင်းခိုင်းလဲဆိုရင် deposit ဆိုပြီး ၁၀ သိန်းပေါ့။ ၁၀ သိန်းကလည်း အဲဒါကို ဘယ်လိုလဲဆိုတော့ ဟိုရောက်သွားရင် ကျွမ်းကျင်ဗီဇာက ၁ နှစ်ကို။ ၁ နှစ်လုပ်မှ အဲဒီ ၁ နှစ်အတွင်း ထွက်မပြေးမှ ဒီ ၁၀ သိန်းကို ပြန်ထုတ်ပေးမှာ။ အဲဒီ ၁ နှစ်အတွင်း ထွက်ပြေးရင် ဒီ ၁၀ သိန်းက မရဘူးပေါ့။ အဲဒီ ၁ နှစ်အတွင်းတောင် သူက တစ်ခါတည်း တစ်လုံးတည်း အဲဒီ ၁၀ သိန်းလုံးကို ပြန်ပေးမှာ မဟုတ်ဘူး။ ၆ လတစ်ကြိမ် ၅ သိန်း၊ ၆ လတစ်ကြိမ် ၅ သိန်းနဲ့။ အဲဒါတောင်မှ kpay, wavepay ဘာပေး ညာပေးက တစ်ခုမှ မရဘူး။ မိဘကိုယ်တိုင် အဲဒီ ၅ သိန်း၊ ၅ သိန်းကို ၆ လတစ်ကြိမ် လာထုတ်ရမယ်” လို့ ပြောပါတယ်။
ဂျပန်ကို ထွက်တဲ့ လမ်းကြောင်းတွေက တင်းကျပ်တာကြောင့် ဂျပန်ကို အေးဂျင့်တွေကတဆင့် အင်တာဗျူးအောင်ပြီး သွားရောက် အလုပ်လုပ်ကိုင်ကြမယ့် လူငယ်တွေက ရန်ကုန်လေဆိပ်ကတဆင့် ထိုင်းလေဆိပ်ကို သွားရပြီး အဲဒီကတဆင့် ဂျပန်နိုင်ငံကို ထွက်ကြတာ ဖြစ်ပါတယ်။
အဲဒီလို ထွက်ရတဲ့အခါ အေးဂျင့်က ပွဲစားနဲ့ မိတ်ဆက်ပေးပြီး လမ်းကြောင်းစရိတ်အဖြစ် အပြီးအစီး’မြန်မာကျပ်ငွေ သိန်း ၆၀ ပေးရပေမယ့် လေဆိပ်ကိုရောက်တဲ့အခါ အကျပ်ကိုင် ငွေညစ်ပြီး နောက်ထပ် ပိုက်ဆံတွေလည်း ထပ်တောင်းတယ်လို့ ဂျပန်ကို သွားရောက်ခဲ့တဲ့ လူငယ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“၆၀ ယူတယ်။ ဒါပေမယ့် အဲဒီ ၆၀ ယူတဲ့လမ်းကြောင်း ပွဲစားက သူတို့နဲ့ ဘာမှ မပတ်သက်သလို ဘာညာနဲ့ တကယ်က သူတို့ပဲ မိတ်ဆက်ပေးတယ်။ ပြောကြဆိုပြီး ပြောခိုင်းတယ်။ ဈေးညှိပြီးတဲ့အခါကြတော့ အကုန်အပြီးအစီး ဘာမှ ပေးစရာ မလိုဘူး ဆိုပြီးတော့ ရန်ကုန်လေဆိပ်ထဲမှာတင် စက်လှေကားတက်တာနဲ့ ပြီးသွားရင် လေဆိပ်ထဲကနေ အဲဒီပွဲစားက ဗမာငွေ ၇ သောင်း ပေးရမယ်ဆိုပြီးတော့ ထပ်တောင်းတယ်။ စက်လှေကား တက်တာနဲ့။ ၇ သောင်း တောင်းပြီးတစ်ခါ မှာလိုက်တယ်။ ဟိုဘက် ထိုင်းရောက်ရင် ဘတ် ၂၅၀၀ ပေးရမယ်တဲ့။ ဟိုရောက်သွားတဲ့အခါ အဲဒီ ဘတ် ၂၅၀၀ ကို တောင်းတယ်။ တောင်းတဲ့အခါ အဲဒီ ဘတ် ၂၅၀၀ မပေးဘူး။ ပေးစရာ မလိုဘူးလို့ အစကတည်းက ပြောထားတယ် ဘာညာပြောတော့ မပေးဘူးဆိုရင် မပေးမချင်း ဒီဘက်ကနေ COE နဲ့ ထိုင်းကို လှမ်းမပို့ဘူးတဲ့။ သွားမယ့် ကျောင်းသားတွေက ညှိလိုက်တဲ့ အခါကြတော့ ဘတ် ၂၀၀၀ နဲ့ တည့်သွားတဲ့အခါတော့မှ ညနေကြတော့ COE နဲ့ လေယာဉ်လက်မှတ်ကို လှမ်းပို့ပေးတယ်။ ဟိုရောက်မှ မဖြစ်မနေ မပေးရင် သွားလို့ မရဘူးဆိုတဲ့ ပုံစံမျိုး ညစ်ပတ်တာပေါ့။ သိန်း ၆၀ ထဲမှာ လမ်းကြောင်းဆို ဒါအကုန်အပြီးအစီးလေ။ စားစရိတ် နေစရိတ် မဆိုင်ဘူးနော်။ ထိုင်းမှာနေတဲ့ စားစရိတ် နေစရိတ်က ကိုယ့်ဘာသာ ပေးရတာ” လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ ပြည်ပနိုင်ငံမှာ ရောက်ရှိတဲ့ မြန်မာလုပ်သားတွေကို စစ်ကော်မရှင်က မိသားစုလွှဲပို့ငွေနဲ့ အခွန်ငွေရရှိရေးကို အဓိကထား လုပ်ဆောင်လာနေတာ တွေ့ရပါတယ်။
