အာရက္ခတိုင်းမ်စ် (၂၆ စက်တင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်း မီးလောင်ပျက်စီးကာ အိမ်မွေးတိရစ္ဆာန်တွေ သေဆုံးခဲ့ရပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာ စစ်လေယာဉ်တစ်စီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်၊ မိုးလင်းဝ ၁ နာရီခန့်မှာ ဂွမြို့နယ်အတွင်းကို ဝင်ရောက်လာပြီး ပေါင် ၅၀၀ အလေးချိန်ရှိ ဗုံးတွေနဲ့ လေကြောင်းကနေ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျိန္တလီမြို့ အမှတ် (၂) ရပ်ကွက်အတွင်း ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၀ ကျော်အရွယ် ဒေါ်ခင်သီတာစန်းနဲ့ အသက် ၄၇ နှစ်အရွယ် ဦးမိုးလွင်တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။
ဒါ့အပြင် ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ရေကျော်ကျေးရွာက ဘုန်းကြီးကျောင်း အဆောက်အအုံတွေ မီးလောင်ပျက်စီးခဲ့ရတဲ့အပြင် ကျေးရွာအတွင်း မွေးမြူထားတဲ့ နွားနဲ့ အခြားအိမ်မွေးတိရစ္ဆာန်အချို့လည်း ဗုံးစထိမှန် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
