NewsPolitic

ရက္ခိုင်တွင် စကစ ထိုးစစ်ကြောင့် ဘက်စုံစစ်ပွဲအသွင် ဆက်လက်ပြင်းထန်နေ

အာရက္ခတိုင်းမ်စ် (၆ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည်အတွင်း စစ်ရေးအခြေအနေများမှာ ဘက်စုံစစ်ပွဲ (Total War) အသွင်ဆောင်လာပြီး ရက်စက်ကြမ်းကြုတ်မှုများ ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း ISP-Myanmar ရဲ့ လေ့လာသုံးသပ်ချက် အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ ဂုဏ်သိက္ခာနဲ့ မဟာဗျူဟာအရ အရေးပါတဲ့ အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေများကို ပြန်လည်ရယူရန် ၂၀၂၆ ခုနှစ် စက်တင်ဘာလဆန်းပိုင်းကစတင်ကာ ကြည်း၊ ရေ၊ လေ ပူးတွဲ ထိုးစစ်ဆင်လျက် ရှိနေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

အဆိုပါ စစ်ဆင်ရေးကို စစ်ကောင်စီတပ် ထောက်ခံသူများက ‘၄၉၂၆ စစ်ဆင်ရေး’ လို့ ဖော်ပြနေကြသော်လည်း နေပြည်တော်ဘက်က တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

စက်တင်ဘာလ ၄ ရက်ကစတင်ပြီး ကျောက်ဖြူ၊ စစ်တွေ၊ ပုဏ္ဏားကျွန်းမြို့နယ်များအပြင် မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းအတွင်းရှိ ရက္ခိုင်နဲ့ ထိစပ်နေတဲ့ မြို့နယ်များတွင်ပါ တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး၊ စစ်ကောင်စီတပ်ဘက်က တပ်မများနဲ့ စစ်သင်္ဘောများကို အသုံးပြုပြီး အင်အားဖြည့်တင်း ထိုးစစ်ဆင်နေသော်လည်း လက်ရှိအချိန်အထိ အာရက္ခတပ်တော် ဘက်က နယ်မြေဆုံးရှုံးမှု မရှိသေးကြောင်းလည်း သိရပါတယ်။

ကြည်း၊ ရေ၊ လေ ပူးတွဲ ထိုးစစ်ဆင်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်လာနေပြီး စက်တင်ဘာလ ၄ ရက်ကစတင်ပြီး လက်ရှိအချိန်အထိ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် အရပ်သား ၇၀ ဦးထက်မနည်း သေဆုံးခဲ့ပြီလို့လည်း သိရပါတယ်။

ဒါ့အပြင် ကျောက်ဖြူ၊ စစ်တွေ၊ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်များရှိ ကျေးရွာ ၂၄ ရွာခန့်က ဒေသခံ ၆,၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လူမှုစီးပွားရေးနဲ့ ဒုက္ခသည်ဆိုင်ရာ အကျပ်အတည်းများကို ပိုမို ရင်ဆိုင်လာနေရတယ်လို့လည်း သိရပါတယ်။

Related posts

ဘင်္ဂလားဒေ့ရှ်က AA ကိုအသိအမှတ်မပြုရင် ကောင်းမွန်တဲ့အခြေအနေ ဖန်တီးဖို့ခက်မယ်

Rakhita Times

ကျောက်ဖြူ စနဲကို စကမ ဒရုန်း ၄ စီးနဲ့ ဗုံးကြဲ၊ ပြည်သူ ၄ ဦး ဒဏ်ရာရ၊ အိမ် ၆ လုံး မီးလောင်ပြာကျ

Rakhita Times

မီဇိုရမ်က စက်သုံးဆီတင်သွင်းခွင့် ၂ လ ပိတ်လို့ ရက္ခိုင်တွင် ဆီပြက်နိုင်

Rakhita Times

Leave a Comment