အာရက္ခတိုင်းမ်စ် (၈ အောက်တိုဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့ရှိ အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားအနီးဝန်းကျင်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခဲ့မှုအပေါ် ရက္ခိုင်ပြည်သူလူထုတရပ်လုံးနဲ့အတူ ရပ်တည်ပြီး အပြင်းအထန် ကန့်ကွက်ရှုတ်ချခဲ့ကြတဲ့ လူပုဂ္ဂိုလ်များနဲ့ အဖွဲ့အစည်းများကို အထူးပင် ကျေးဇူးတင်ရှိကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က အောက်တိုဘာလ ၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
“၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်၊ နေ့ခင်း ၁၂ နာရီကျော်ခန့်အချိန်တွင် ရက္ခိုင်ပြည်၊ ကျောက်တော်မြို့ရှိ အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားဝန်းကျင်တွင် အပြစ်မဲ့ အရပ်သားပြည်သူ ၅၀ ဦး သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရရှိခဲ့တဲ့အထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်” လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
အဆိုပါ ဖြစ်စဉ်အပေါ် ရက္ခိုင်ပြည်သူလူထုတရပ်လုံးနဲ့အတူ တသွေးတည်းတသားတည်း ရပ်တည်ကာ စည်းလုံးညီညွတ်မှုကိုပြသပြီး စစ်ကောင်စီတပ်ရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ ကြီးမားသော စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချပေးခဲ့ကြတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းအားလုံးကို ULA နဲ့ ရက္ခိုင်ပြည်သူများက အမြဲထာဝရ အမှတ်ရနေမှာဖြစ်ပြီး များစွာ ကျေးဇူးတင်ရှိကြောင်း အလေးအနက် ဖော်ပြထားပါတယ်။
