NewsPolitic

ကျောက်ဖြူ စနဲမင်းပြင်အနီး စစ်ဘေးရှောင်စခန်းကို ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲ၊ ၂ ဦးသေ ၅ ဦးဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၂ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်၊ စနဲမင်းပြင်ကျေးရွာအနီးဝန်းကျင်က စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက ဂျိုင်ရိုကော်ပတာ (Gyrocopter) တစ်စီးနဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ စစ်ဘေးရှောင်ပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော် (AA) ရဲ့ သတင်းနှင့်ပြန်ကြားရေးက ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

AA ရဲ့ ထုတ်ပြန်ချက်အရ ဒီတိုက်ခိုက်မှုကို ဒီနေ့ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်ခန့်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် နွားတစ်ကောင် သေဆုံးပြီး နောက်တစ်ကောင် ဒဏ်ရာရခဲ့ကာ စခန်းအတွင်းက ပြည်သူတွေရဲ့ နေအိမ်အချို့လည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၁ ရက် ညသန်းခေါင်ယံ ၁၁ နာရီ ၃၀ မိနစ်ကနေ ၁၂ နာရီ ၄၀ မိနစ်အတွင်းမှာလည်း ကျောက်တော်မြို့နယ်၊ ကန်စောက်တောင်အနီးဝန်းကျင်နဲ့ စစ်ကောင်စီရဲ့ ယခင်တပ်စခန်းဟောင်း ခမရ (၅၃၉)၊ အမတ (၃၇၇) နေရာ ၂ ခုကို ဂျက်တိုက်လေယာဉ် ၄ စီးနဲ့ အုပ်စုလိုက် ၁၃ ကြိမ်၊ Y-12 လေယာဉ်နဲ့ ဗုံး ၃၀ အထိ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ AA က ဖော်ပြထားပါတယ်။

နိုဝင်ဘာလ ၁ ရက်တစ်ရက်တည်း ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူ၊ ဝီရဌာနီ မြို့နယ်တွေက တံတား၊ ယာယီဆေးကုခန်း၊ သားဖွားဆောင်၊ ရွာတွေကို ဂျက်တိုက်လေယာဉ်တွေနဲ့ တစ်မြို့ပြီးတစ်မြို့ ဗုံးကြဲခဲ့တာကြောင့် မွေးကင်းစကလေးငယ်တစ်ဦးအပါအဝင် ၁၂ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရခဲ့တယ်လို့ AA က ဆိုပါတယ်။

Related posts

စစ်တွေမှာ လျှပ်စစ်မီးပြန်ပေးခဲ့မယ်ဆိုရင်တောင် မီးကြိုးဖိုး မတတ်နိုင်ဘူးလို့ ပြော

Rakhita Times

ကျောက်ဖြူမြို့တွင် RNP ရုံးချုပ် ဖွင့်လှစ်

Rakhita Times

တကျော့ပြန် တိုက်ပွဲအတွင်း စစ်ကောင်စီကြောင့် ရက္ခိုင်ပြည်သူ ၉၂၆ ယောက်သေဆုံး

Rakhita Times

Leave a Comment