အာရက္ခတိုင်းမ်စ် (၁၁ နိုဝင်ဘာ ၂၀၂၆)
ဘင်္ဂလားပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ မိုးလေဝသက အနောက်ဘက် အိန္ဒိယကမ်းရိုးတန်းဘက်ကိုပဲ ဦးတည်ရွေ့လျားသွားမယ်လို့ မိုးလေဝသခန့်မှန်းချက်တွေအရ မြန်မာနိုင်ငံနဲ့ ရက္ခိုင်ပြည်ကို မုန်တိုင်း တိုက်ရိုက်ဝင်ရောက်တိုက်ခတ်နိုင်ခြေ နည်းတယ်လို့ သိရပါတယ်။
တိုက်ရိုက်အန္တရာယ်မရှိပေမယ့် နိုဝင်ဘာလ ၁၆ ရက်ကနေ ၁၉ ရက်အတွင်း ရက္ခိုင်ကမ်းရိုးတန်းအလွန် ပင်လယ်ပြင်တွေမှာ လေပြင်းတွေ တစ်နာရီကို မိုင် ၂၀ ကနေ ၃၅ မိုင်ခန့်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ရက္ခိုင်ကမ်းလွန် ငါးဖမ်းရေယာဉ်တွေနဲ့ ပင်လယ်ပြင်သွားလာသူတွေ အထူးသတိပြုဖို့ လိုတယ်လို့ မိုးလေဝပညာရှင် ဦးဝင်းနိုင်က သတိပေးထားပါတယ်။
တရုတ်ပြည်မကြီးဘက်က ဆင်းလာတဲ့ အရှေ့မြောက်ဆောင်းလေအေး အားကောင်းနေလို့ မုန်တိုင်းရဲ့ အစိုဓာတ်က မြန်မာနိုင်ငံအတွင်းပိုင်းကို ကြီးမားစွာ ဝင်ရောက်နိုင်ခြေ နည်းပါးတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ နိုဝင်ဘာလ ၁၇ ရက်ကနေ ၁၉ ရက်အတွင်း မုန်တိုင်းရဲ့ အစွန်အဖျား လေပွေစနစ်ကြောင့် ရက္ခိုင်ကမ်းရိုးတန်း တောင်ပိုင်းဒေသတွေမှာ တိမ်ထူထပ်ပြီး နေရာကွက်ကျား မိုးဖွဲ (သို့) မိုးအနည်းငယ် ရွာနိုင်တယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။
စပါးရင့်မှည့်ချိန်ရောက်နေတဲ့ ရက္ခိုင်ကမ်းရိုးတန်းဒေသက တောင်သူတွေအနေနဲ့ မိုးဖွဲအနည်းငယ် ကျရောက်နိုင်လို့ သတ်မှတ်ရက်အတွင်း စီစဉ်ရိတ်သိမ်းဖို့၊ စပါးခင်းတွေ မပျက်စီးအောင် လယ်ကွက်အတွင်း ရေမကျန်အောင် ကြိုတင်ရေထုတ်မြောင်းတွေ ဖောက်ထားဖို့လည်း ဦးဝင်းနိုင်က အကြံပြုထားပါတယ်။
