အာရက္ခတိုင်းမ်စ် (၁၆ နိုဝင်ဘာ ၂၀၂၆)
ရှမ်းပြည်မြောက်ပိုင်းမှာ ဘက်ပေါင်းစုံက ပဋိပက္ခတွေကို ဘယ်လိုဖြေရှင်းသင့်သလဲဆိုတဲ့အပေါ် မေးခွန်းထုတ် သုံးသပ်မှုတွေ ရှိနေပါတယ်။
လက်ရှိမှာ ရှမ်းပြည်မြောက်ပိုင်းက တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်ခရိုင်၊ နမ့်ခမ်းမြို့နယ်ကို ကိုးကန့်တပ် MNDAA က သူတို့ရဲ့ အထူးဒေသ (၁) နယ်မြေအဖြစ် ထည့်သွင်း ကြေညာခဲ့ပါတယ်။
အဲဒီ မတိုင်ခင်ကလည်း ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်ကိုပါ MNDAA က ပြန်လည် သိမ်းယူခဲ့သေးတာပါ။
ရှမ်းပြည်ဟာ တိုင်းရင်းသား လူမျိုးစု အများအပြား စုစည်းနေထိုင်တဲ့ ပြည်တစ်ခုဖြစ်တာကြောင့် လူမျိုးစု တစ်ခုနဲ့တစ်ခုကြား ရှိရင်းစွဲ အထောက်အထား ပဋိပက္ခတွေအပါအဝင် နယ်မြေလုတဲ့ ပြဿနာ တွေအထိ ဖြစ်ပေါ်နေတာပါ။
ပြဿနာတွေရဲ့ အဓိက အရင်းအမြစ်ကို ရှာဖွေပြီး တစ်ခုချင်းစီအလိုက် ဖြေရှင်းသွားရမှာဖြစ်ကြောင်း၊ မဖြေရှင်းဘဲ နေလို့မရကြောင်း၊ အဲဒီအခန်းကဏ္ဍကို ဦးဆောင်မယ့်လူတော့ လိုကြောင်း ရှမ်းပြည်အရေး လေ့လာသုံးသပ်သူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ဒီအခင်းအကျင်းက နှစ်ဖက်တောင်မဟုတ်ဘူး။ ဘက်ပေါင်းစုံ ပဋိပက္ခတွေက ပေါ်လိုက်၊ ပျောက်လိုက်ပဲ။ ဘာဖြစ်လို့လဲဆို ရှမ်းပြည်နယ်မှာက လူမျိုးစုများတာကို။ အဲဒီ လူမျိုးစုတွေကြားထဲမှာလည်း အချင်းချင်း နဂိုက ရှိရင်းစွဲ identity နဲ့ ဆိုင်တဲ့ ပဋိပက္ခလေးတွေ ရှိတယ်။ အခုအချိန်မှာ ပြန်ပြီးတော့ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခတွေက ထပ်တိုးလာတယ်။ မငြိမ်းချမ်းမှုတွေကလည်း ရှိတယ်။ အဲဒီ မငြိမ်းချမ်းမှုတွေကို အကြောင်းပြပြီးတော့မှ တောမီးလောင် တောကြောင် လက်ခမောင်းခတ် ဆိုတဲ့ အုပ်စုတွေကလည်း ရှိတဲ့အခါကြတော့ နှစ်ဖက်အုပ်စုတောင် မဟုတ်ဘူး ဘက်ပေါင်းစုံမှာ ရှိနေတဲ့ လူတွေကြားထဲမှာ ပဋိပက္ခမျိုးစုံဆိုတော့ တကယ်တမ်းက အခြေအနေမှန်ကိုလေ သေသေချာချာ ဆန်းစစ်သင့်တယ်။ ပဋိပက္ခဖြစ်ရတဲ့ အမြစ်တွယ်နေတဲ့ ပြဿနာ ဘယ်နှစ်ခုလဲ။ လူမျိုးရေး ပြဿနာတစ်ခုတည်းပဲလား၊ နယ်မြေလုတာ တစ်ခုတည်းပဲလား၊ တခြား ဘာတွေ ရှိသေးလဲဆိုတဲ့ ဒီပြဿနာတွေရဲ့ အရင်းအမြစ် ရေသောက်မြစ်တွေကိုရှာပြီး issue တစ်ခုချင်းစီအလိုက် ဖြေးဖြေးချင်း ဖြည်သွားမှ ရမယ်။ ဘာလို့ဆို တော်တော်ကိုလည်း သပွတ်အူလိုက်နေပြီ ဆိုတော့လေ။ ဒါပေမယ့်လည်း မဖြေရှင်းလို့ မရဘူးဆိုတော့ တစ်ခုပြီး တစ်ခုပေါ့။ အဲဒါ ဖြေရှင်းနိုင်သွားရင်တော့လည်း ရေတိုမှာ လုပ်ရမယ့်ဟာ ရှိတယ်၊ ရေရှည်မှာ လုပ်ရတဲ့ဟာ ရှိတယ်။ အဲဒါလေးကို ဦးဆောင်မယ့်လူတော့ လိုနေမယ်လို့ ထင်တာပဲ” လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၁ ခုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၅ ခု စုစုပေါင်း ၆ ခု သတ်မှတ်ထားပြီး “ဝ” ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း ဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့နယ် နှစ်ခုကို ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ပေးထားခဲ့ပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်မှာစခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း MNDAA ဟာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပြင် ရှမ်းမြောက်ဒေသ အချို့ကို စစ်ရေးအရ ထိန်းချုပ်နိုင်ခဲ့ပြီး အုပ်ချုပ်ရေး ယန္တရားများ တည်ဆောက် လာနေတာပါ။
ဒါ့ပြင် MNDAA နယ်မြေစိုးမိုးရယူပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတဲ့နေရာတွေမှာ ဘာသာစကား၊ မြေယာပိုင်ဆိုင်မှု၊ နိုင်ငံခြားသား လွှမ်းမိုးဝင်ရောက်မှု၊ သမိုင်းနဲ့ ယဉ်ကျေးမှု၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်မှု စတဲ့ ခြိမ်းခြောက်မှုတွေ ကြုံနေရတယ်လို့ ရှမ်းပြည်ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ (SSJAC) က အောက်တိုဘာလ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနောက် ကိုးကန့်တပ် MNDAA ကလည်း ပြန်လည်ငြင်းဆိုထားကာ နှစ်ဖက်အဖွဲ့အကြား တင်းမာမှုတွေ ရှိလာတယ်လို့ သုံးသပ်ထားကြတာပါ။
ရှမ်းပြည်မြောက်ပိုင်းဟာ တရုတ်ရဲ့ ပြည်တစ်ခုလို ဖြစ်သွားမယ်လို့တော့ မထင်ဘဲ တရုတ်ရဲ့ နောက်ကွယ်က ကြိုးကိုင်မှုတွေကတော့ ပိုများလာတယ်လို့ မြင်ကြောင်း ရှမ်းပြည်အရေး လေ့လာသုံးသပ်သူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ဒီလောက်အထိ လောလောဆယ်အထိ ၁၀၀ ရာခိုင်နှုန်း ဩဇာဖြစ်သွားမယ်ဆိုတာတော့ မမြင်ဘူး။ တကယ်တမ်းက အခုမှသာ လူတွေက ပြောကြတာလေ။ တကယ့်တကယ် ကြူကုတ်တို့၊ ပန်ဆိုင်းတို့၊ မုံးကိုးတို့ တရုတ်ငွေသုံးနေတာက လောက်ကိုင်တို့မှာ တရုတ်ငွေသုံးနေတာ နှစ် ဆယ်စုနှစ်တစ်စုမှ မကတော့တာ။ အဲဒါလောက်ကိုပဲ ထောက်ပြပြီး တရုတ်ဩဇာခံ ဖြစ်ပြီလောက်ကိုပဲ ပြောလို့တော့ မရဘူးပေါ့။ ဒါက ငွေကြေးသုံးစွဲမှု သပ်သပ်ပဲ။ တရုတ်ကဝင်ပြီး စွက်ဖက်တယ်၊ အုပ်ချုပ်တယ်ဆိုတဲ့ ပုံစံမျိုးအထိတော့ မသွားလောက်၊ မရောက်လောက်သေးဘူးလို့ ယူတယ်။ ဒါပေမယ့် သူနောက်ကွယ်ကနေတော့ ကြိုးကိုင်နေတာကတော့ ပိုပြီးတော့မှ ပိုများလာတယ်လို့ မြင်တာပေါ့။ တရုတ်ရဲ့ ပြည်နယ်တစ်ခုလိုတော့ ဖြစ်သွားလိမ့်မယ်လို့တော့ မထင်ဘူးပေါ့” လို့ သူက ပြောပါတယ်။
ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေးလိုမျိုး စစ်ဆင်ရေးအသစ်တစ်မျိုး ပေါ်လာနိုင်ဖွယ်ရှိတယ်လို့လည်း အချို့နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ခန့်မှန်းထားကြပါတယ်။
