EnvironmentNewsPolitic

ရက္ခိုင်တွင် လေပြင်းတိုက် ရေကြီးမှုတွေကြောင့် နေအိမ်တွေပျက်စီးပြီး လူသေဆုံးမှု ရှိလာကြောင်း HDCO ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၁၀ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည်တွင် လေပြင်းတိုက် ရေကြီးမှုတွေကြောင့် နေအိမ်တွေ ပျက်စီးပြီး လူသေဆုံးမှု ရှိလာတယ်လို့ HDCO က မနေ့က ဇူလိုင်လ ၉ ရက်၊ ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်မှာ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ သံတွဲ၊ ဂွ အစရှိတဲ့ မြို့နယ်တွေမှာ လေဆင်နှာမောင်း တိုက်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် နေအိမ် (၂၄၀) ခန့် အပါအဝင် အခြား အဆောက်အအုံများ ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ ပလက်ဝ၊ မြောက်ဦး၊ မင်းပြားမြို့နယ်တွေမှာလည်း မိုးသည်းထန်စွာ ရွာသွန်းတာ‌ကြောင့်ရေကြီးမှု ဖြစ်ပေါ်နေပြီး ဇူလိုင်လ ၈ ရက်အထိ အချက်အလက်အရ အဆိုပါ မြို့နယ်တွေရှိ ရပ်ကွက်ကျေးရွာ စုစုပေါင်း ၇၀ နဲ့အထက်မှာ ရေဘေး ကြုံတွေ့နေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရေကြီးမှုကြောင့် ဒေသခံ သုံးဦး သေဆုံးခဲ့သလို လမ်း၊ တံတားတချို့ ထိခိုက် ပျက်စီးခြင်း၊ မြေပြို၊ ကမ်းပြိုခြင်း စတာတွေ ဖြစ်ပွားလျက် ရှိတယ်လို့ သိရပါတယ်။

ရေဘေးသင့်သူများအနေနဲ့ ရေကြီးခြင်း၊ မြေပြိုခြင်းနဲ့အတူ မြွေ၊ ကင်းမြီးကောက်စတဲ့ အဆိပ်ရှိ သတ္တဝါများရဲ့ အန္တရာယ်ကို အထူး သတိပြုကြရန် အရေးကြီးအချက် ၅ ချက်ကိုလည်း ထုတ်ပြန်ထားပါတယ်။

ရေဘေးကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး ရိက္ခာပြတ်လပ်မှု မရှိစေရန် အခြေခံ စားနပ်ရိက္ခာတွေကို အနည်းဆုံး ၇ ရက်ကနေ ၁၄ ရက်စာအထိ မိမိတို့ အိမ်ထောင်စုအလိုက် ကြိုတင် စုဆောင်းထားရမယ်။

ရေတွင်းရေကန်များ ရေလွှမ်းမိုးနိုင်လို့ သောက်သုံးရေကိုလည်း ၇ ရက်ကနေ ၁၄ ရက်စာအထိ ကြိုတင် ပြင်ဆင်ထားကြရန် လိုအပ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် အဝတ်အထည်၊ ဆေးဝါး၊ အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်စတဲ့ အရေးကြီး စာရွက်စာတမ်းများနဲ့ ငွေကြေးတွေကို အရေးပေါ် အခြေအနေတွင် ချက်ချင်း ယူဆောင်နိုင်ရန် အဆင်သင့် ပြင်ထားကြဖို့လည်း ဆိုပါတယ်။

ရေတက်လာတဲ့အချိန်မှာ ဘေးလွတ်ရာကို အချိန်မီ ရွှေ့ပြောင်းနိုင်ရေးအတွက် ရေတွင် ပေါ်နိုင်တဲ့ ပလတ်စတစ်ပုံးများ၊ ရာဘာကွင်းများ လှေ သို့မဟုတ် ဖောင်များကို ရပ်ရွာအစီအစဉ်နဲ့ ကြိုတ င်စီစဉ်ထားရှိရန်လည်း တိုက်တွန်းထားပါတယ်။

အထူးသဖြင့် မိသားစုအတွင်း ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်၊ မသန်စွမ်းနဲ့ နာမကျန်းဖြစ်သူများ ရှိပါက အခြေအနေ ပိုမို ဆိုးရွားမလာမီ အန္တရာယ် မကျရောက်မီ အမြန်ဆုံး ကြိုတင်ရွှေ့ပြောင်းထားကြရန်လည်း HDCO က အလေးအနက် တိုက်တွန်းထားပါတယ်။

Related posts

မြောက်ဦးကို စကမ ဗုံးကြဲ

Rakhita Times

ယောတပ်တော်တည်ထောင်ခဲ့တဲ့ ၂နှစ်တာကာလအတွင်း AA အနီးကပ်ကူညီပေးခဲ့

Rakhita Times

မောင်တောမှာ မြေမြှုပ်မိုင်း နင်းမိလို့ လူငယ်တဦး ခြေတဖက်ပြတ်

Rakhita Times

Leave a Comment