အာရက္ခတိုင်းမ်စ် (၁၆ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည် စစ်တွေမြို့အနီးမှာ စစ်ကောင်စီတပ်က အနီးပတ်ဝန်းကျင်မှာ လေကြောင်းနဲ့ ဗုံးကြဲမှုတွေ နေ့တိုင်းပြုလုပ်နေတာကြောင့် ဒေသခံလူထုတွေမှာ ကြောက်စိတ်တွေဖြစ်နေတယ်လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး ကြည်း၊ ရေ၊ လေ သုံးခုပေါင်းပြီး ခုခံနေရကာ လေယာဉ်တွေနဲ့ပါ အဆက်မပြတ် တိုက်ခိုက်နေတာပါ။
စစ်တွေမြို့က လူထုတွေဟာ အလုပ်အကိုင်နဲ့ ဝင်ငွေမရှိတာကြောင့် ထွက်ပြေးဖို့အတွက်လည်း မတတ်နိုင်ကြဘဲ စစ်တွေမြို့မှာပဲ ကြောက်စိတ်တွေနဲ့ နေထိုင်နေရတယ်လို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“နေ့တိုင်းလိုလိုတော့ လေယာဉ်နဲ့ လာတယ်။ ဗုံးကြဲတယ်။ ဘယ်နားကြဲလဲတော့ မသိဘူး။ နေ့တိုင်းလာတယ်။ အခုမိုးထက်ဘက် အခုပြောနေတဲ့အချိန်မှာလည်း စစ်တွေမြို့အနီးမှာ လေယာဉ်နဲ့ ဗုံးနှစ်လုံး ကြဲချသွားပါတယ်။ အခု ကြဲချသွားတာကို အမေးအဖြေ လုပ်နေတဲ့လူလည်း သိမှာပေါ့။ အကျယ်ကြီးပါ။ စားရေးသောက်ရေးလည်း အခက်အခဲ ဖြစ်လာတယ်။ နေရတာလည်း ကြောက်လာတယ်။ ကျမတို့မှာက ပြေးဖို့ နေရာလည်းမရှိ၊ ဘယ်သွားရမှန်းလည်း မသိ။ ရန်ကုန်သွားဖို့လည်း ကျမမှာ နေစရာ နေရာမရှိ၊ လုပ်ဖို့အလုပ်လည်း မရှိ၊ မိသားစုမှာလည်း အမေအိုနဲ့ အဖအိုနဲ့ နေရတဲ့အခါ သွားဖို့ လာဖို့အတွက် ကျမတို့မှာ အခက်အခဲတွေ ရှိတယ်။ အားလုံးလည်း ကြောက်စိတ်တွေ ဝင်လာပါပြီ တဖြေးဖြေးနဲ့ပါလေ နေရတာက” လို့ သူက ပြောပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်က စတင်ခဲ့တဲ့ တကျော့ပြန် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဆီကနေ ရက္ခိုင်မြို့တွေကို တမြို့ပြီးတမြို့ တိုက်ခိုက် သိမ်းပိုက်နေတာ ဖြစ်ပါတယ်။
ရက္ခိုင်ပြည်အတွင်း သိမ်းပိုက်ဖို့ ကျန်နေသေးတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တွေကို ဆက်လက်သိမ်းပိုက်ပြီး ရက္ခိုင်ပြည်သူတွေလက်ထဲ မကြာခင် ပြန်လည် အပ်နှင်းသွားမယ်လို့ အာရက္ခတပ်တော် (AA) က တစ်ကျော့ပြန်တိုက်ပွဲ ပြန်လည်ဖြစ်ပွားတဲ့ ၃ နှစ်ပြည့်နေ့ နိုဝင်ဘာလ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
လက်ရှိမှာ မပြီးဆုံးသေးတဲ့ မြို့သိမ်းတိုက်ပွဲတွေကို ဆက်လက် ဆင်နွှဲနေပြီး၊ ပြီးခဲ့တဲ့ ၃ နှစ်တာ တိုက်ပွဲကာလတလျှောက် အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့ကြတဲ့ စစ်သည်တွေ၊ သူတို့ရဲ့ မိခင်တွေနဲ့ တစိုက်မတ်မတ် ရပ်တည် ထောက်ခံပေးခဲ့ကြတဲ့ ပြည်သူတရပ်လုံးကို အထူး ဂုဏ်ပြုတယ်လို့လည်း AA ရဲ့ တကျော့ပြန်တိုက်ပွဲ ၃ နှစ်ပြည့် ထုတ်ပြန်ချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။
နိုဝင်ဘာလ ၁၅ ရက်ကလည်း တစ်ညလုံးနီးပါး လေယာဉ်ပျံဝဲပြီး စစ်တွေအနီးမှာ လေကြောင်း ဗုံးချမှုတွေကို လုပ်ခဲ့တဲ့အတွက် စစ်တွေမြို့ ဒေသခံလူထုတွေမှာ အိပ်မပျော်နိုင် ဖြစ်နေရတယ်လို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“သူတို့မှာ အထက်ကလူကြီးတွေက နှစ်ဖက်လူကြီးတွေက ဘယ်လိုပုံစံမျိုးနဲ့ ဘယ်လိုဖြစ်နေလဲက ကိုယ်တွေက လိုင်းရနေတဲ့လူတွေလည်း မဟုတ်ဘူး။ ဖုန်းအင်တာနက်လိုင်းလည်း မရတဲ့အခါ တစ်ခုမှ မသိရဘူး။ ခုနက statement ထုတ်တယ်ဆိုတာကိုလည်း တဆင့်လူ တဆင့်လူတွေဆီကနေ ကြားရတာပါ။ တချို့ဆို အစိုးရရုံးဘက်မှာနေပြီး MPT နဲ့အလုပ်လုပ်ရင်း သတင်းတွေ ကြည့်ခဲ့ကြလို့ ဘယ်နေရာမှာ ဗုံးချလို့ AA ထိန်းချုပ်ထားတဲ့နေရာတွေမှာ ဗုံးတွေချခဲ့လို့ သေကြတယ်။ ကျောင်းတွေမှာလည်း ဗုံးချလို့ သေတယ်။ အဲဒီလိုမျိုးဆိုတော့ ကျမတို့ စစ်တွေမြို့မှာ သိမ်းရင်လည်း ကျမတို့ စစ်တွေမြို့ကို ဗုံးချမယ်လို့ သိသင့်သလောက် သိထားပိုင် ခံစားနေရတယ်။ ဗုံးကို ဒီလို ချမလားမသိ၊ ညကလည်း တစ်ညလုံး ဘယ်မှာချလဲမသိ။ တစ်ညလုံး လေယာဉ်ပျံဝဲတယ်၊ ချသွားတယ် ဗုံး၊ ဗုံး၊ ဗုံး၊ ဗုံး။ အဲဒါတစ်ညလုံး အဲဒီဘက်ကလူတွေတော့ အိပ်ရလား၊ မအိပ်ရလားမသိဘူး။ ကျမတို့ စစ်တွေမြို့က လူတွေတော့ အသံကြားလို့ မအိပ်နိုင်ပါ။ ကျမတို့မှာ ကြောက်စိတ်တွေနဲ့ နေနေရတယ်၊ စားစားနေရတယ်။ စားဖို့အတွက်လည်း ပိုက်ဆံရှာဖို့ အလုပ်လည်းမရှိ” လို့ သူက ပြောပါတယ်။
တကျော့ပြန်တိုက်ပွဲတွေ စတင်ခဲ့ပြီးနောက် AA ဟာ ရက္ခိုင်ပြည်က မြို့နယ်ပေါင်း ၁၇ မြို့နယ်ထဲက ၁၄ မြို့နယ်နဲ့ ပလက်ဝမြို့နယ်တို့ အပါအဝင် စုစုပေါင်း ၁၅ မြို့နယ်ကို တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားတာပဲ ဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိမှာ သိမ်းပိုက်ဖို့ ကျန်နေတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တို့ကို ရရှိရေးအတွက် မြို့သိမ်းတိုက်ပွဲတွေ ဆက်လက် ဆင်နွဲသွားမယ်လို့ ဆိုလာတာ ဖြစ်ပါတယ်။
အခုလို ၃နှစ်တာ တိုက်ပွဲကာလအတွင်း အခက်အခဲမျိုးစုံနဲ့အတူ ဘဝ၊ အသက်၊ သွေး၊ ချွေး၊ စည်းစိမ်တွေသာမက သားသမီးရင်သွေးတွေကိုပါ ပေးဆပ်စွန့်လွှတ်ပြီး “ရက္ခိတလမ်းစဉ်” အထမြောက်စေဖို့ ကြံ့ကြံ့ခံ ရပ်တည်ပေးခဲ့ကြတဲ့ ကမ္ဘာအရပ်ရပ်က အာရက္ခပြည်သူတစ်ရပ်လုံးကို အထူးအလေးအနက် ဦးညွှတ်ဂုဏ်ပြုတယ်လို့လည်း AA က ဆိုထားပါတယ်။
ဒါအပြင် အာရက္ခစစ်သည်၊ စစ်မယ်တွေ၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ပြည်သူ့ဝန်ထမ်းတွေနဲ့ စစ်သည်တော်တွေကို မွေးထုတ်ပေးခဲ့တဲ့ မိခင်တိုင်းကိုလည်း လေးနက်စွာ ဂုဏ်ပြုပြီး AA ရဲ့ ၁၇ နှစ်တာ ဖြတ်သန်းမှုသမိုင်းအတွင်း ဘယ်လို ပေးဆပ်အနစ်နာခံမှုမျှ အလဟဿ ဖြစ်သွားမှာ မဟုတ်ဘဲ ပစ္စုပ္ပန်သမိုင်းမှာ အမြဲလင်းလက် တောက်ပြောင်နေမှာ ဖြစ်တယ်လို့ ဂုဏ်ပြုထားပါတယ်။
စစ်ကောင်စီတပ်ကတော့ စစ်မှုထမ်းအင်အားတွေ အပါအဝင် အင်အားအများအပြားနဲ့ ကြည်း၊ ရေ၊ လေ ထိုးစစ်ပြန်ဆင်ပြီး သူတို့လက်လွှတ်ထားရတဲ့ မြို့တွေကို ပြန်လည် သိမ်းပိုက်ဖို့ ကြိုးစားနေပေမဲ့ တိုက်ပွဲတွေမှာ စစ်တပ်ဘက်ကပဲ အရေးနိမ့်နေတယ်လို့ သိရပါတယ်။
