အာရက္ခတိုင်းမ်စ် (၁၉ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ မောင်တောခရိုင်အတွင်းက မာဒရာဆာကျောင်းတွေက မွတ်ဆလင်ကျောင်းသား၊ ကျောင်းသူတွေ အစိုးရသင်ရိုးညွှန်းတမ်းအတိုင်း လေ့လာသင်ယူထားတဲ့ အတန်းတင်စာမေးပွဲတွေကို ဖြေဆိုနိုင်ရေးအတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ငွေကျပ်သိန်း ၂၂၀ ကျော်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
နိုဝင်ဘာလ ၁၈ ရက်မှာ ဘူးသီးတောင်မြို့နယ်အတွင်း ကျင်းပခဲ့တဲ့ အခမ်းအနားမှာ ULA ရဲ့ မောင်တောခရိုင်နဲ့ ပညာရေးဆိုင်ရာတာဝန်ရှိသူတွေက မာဒရာဆာကျောင်းအုပ်တွေ၊ ဂျူရီအဖွဲ့ဝင်တွေနဲ့ မူဆလင်ရေးရာကောင်စီ တာဝန်ရှိသူတွေဆီ ထောက်ပံ့ငွေတွေကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
မော်လဝီဆရာတွေနဲ့ ဒေသခံ ၂၀၀ ကျော်လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
မာဒရာဆာကျောင်းတွေမှာ ဘာသာရေး ပညာရပ်တွေသာမက အစိုးရ သင်ရိုးညွှန်းတမ်းပါ အထွေထွေ ပညာရပ်တွေကိုပါ ထည့်သွင်း သင်ကြားပေးနေတာလည်း ဖြစ်ပါတယ်။
ဇူလိုင်လ ၂၆ ရက်မှာလည်း ဘူးသီးတောင်မြို့နယ်အတွင်းက မာဒရာဆာကျောင်း ၂၅ ကျောင်းက မူဆလင်ကျောင်းသားတွေ အစိုးရ သင်ရိုးညွှန်းတမ်းကို ဆက်လက် သင်ကြားနိုင်ရေးအတွက် ULA နဲ့ မော်လဝီဆရာတွေ တွေ့ဆုံဆွေးနွေးပြီး ကျောင်းသုံးစာအုပ်နဲ့ စာရေးကိရိယာတွေ ထောက်ပံ့ခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲမှာ မောင်တောခရိုင်မှာ မူဆလင်ဆရာ ၅၀၀ အထိ ခန့်ဖို့ ULA ရဲ့ ပညာရေးအရာရှိက စီစဉ်ထားကြောင်း ကြေညာခဲ့တယ်လို့လည်း သိရပါတယ်။
