အာရက္ခတိုင်းမ်စ် (၂၇ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ စစ်တွေမြို့အရှေ့ဘက် ကုလားတန်မြစ်ကမ်းဘေးက စစ်ကောင်စီတပ်ရဲ့ အဓိက ကာကင်းစခန်းကြီး တစ်ခုဖြစ်တဲ့ ရွှေမင်းဂံရေတပ်စခန်းကို စစ်ကူပို့နိုင်တဲ့ ကုန်းလမ်းကြောင်း နှစ်ခုအနက် တစ်ခုကို အာရက္ခတပ်တော်က ဖြတ်တောက်ထားနိုင်တယ်လို့ သိရပါတယ်။
ရွှေမင်းဂံရေတပ်စခန်းနဲ့ စစ်တွေ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)၊ နာရီကန်တပ်ရင်းတို့အကြား လမ်းတစ်လျှောက်က ကံ့ကော်ကျွန်းဝန်းကျင်စခန်းအချို့ကို အာရက္ခတပ်တော် က သိမ်းပိုက် ထိန်းချုပ်ထားနိုင်တာကြောင့် ဒီကုန်းလမ်းကြောင်းတစ်ခု ပြတ်တောက်သွားတယ်လို့ သိရပါတယ်။
လက်ရှိမှာ AA က ရွှေမင်းဂံရေတပ်စခန်းနဲ့ ကပ်လျက်ရှိ ရွှေမင်းဂံရွာစခန်း၊ ဇော်မတက်နဲ့ ကံ့ကော်ကျွန်းစခန်းတွေကို ဒရုန်း၊ လက်နက်ကြီးတွေအပြင် မြေပြင်ထိုးစစ်နဲ့ပါ ရက်ဆက် တိုက်ခိုက်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း ရွှေမင်းဂံရေတပ်စခန်းကို စစ်ကူအင်အား ၃၀၀ ဝန်းကျင် ထပ်မံ ဖြည့်တင်းထားတယ်လို့လည်း သိရပါတယ်။
နိုဝင်ဘာလ ၂၅ ရက်က စစ်တွေမြို့ပေါ်က တပ်ရင်းတွေကနေတစ်ဆင့် ကျေးတော (ရွာမ) နဲ့ ကျေးတော (ပိုက်ဆိပ်) လမ်းအတိုင်း စစ်ကားအစီး ၁၀ စီးနီးပါးနဲ့ အင်အား ဖြည့်တင်းခဲ့တာလို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ကျေးတောကျေးရွာက လူနေအိမ်တွေကို ဖျက်ဆီးပြီး မြစ်ကမ်းတစ်လျှောက်မှာ စစ်စခန်းတွေ တိုးချဲ့တာနဲ့ ဘန်ကာတွေ တည်ဆောက်တာတွေလည်း လုပ်နေတယ်လို့ သိရပါတယ်။
ရွှေမင်းဂံရေတပ်ကတစ်ဆင့် ပုဏ္ဏားကျွန်းမြို့နယ် ခမောင်းတောရွာဘက်နဲ့ ပေါက်တောမြို့နယ် ငပြီကျွန်းတို့ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်ဖို့ ကြိုးပမ်းနေလို့ ငပြီကျွန်းအနောက်ဘက်ကမ်းစပ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
စစ်တွေမြို့ အနောက်ဘက် ရေချမ်းပြင်၊ ပြင်ရှည်ရွာဝန်းကျင်က စစ်စခန်းတွေနဲ့ ထောက်ပို့တပ်ရင်းတွေကို AA က ထိုးစစ်ဆင်နေသလို စစ်တွေမြို့နယ် ငတောက်တက်နဲ့ အမြင့်ကျွန်းကျေးရွာဝန်းကျင်တို့မှာလည်း စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။
