EducationNewsPolitic

ရခိုင်ပြည်လုံးဆိုင်ရာ ပညာရေးကွန်ရက်က ကွန်ပျူတာနဲ့ ကျောင်းဆောင်သစ်အတွက် ပညာရေးရန်ပုံငွေ ကံစမ်းမဲလက်မှတ် ရောင်းမယ်

အာရက္ခတိုင်းမ်စ် (၂၈ နိုဝင်ဘာ ၂၀၂၆)

ရခိုင်ပြည်လုံးဆိုင်ရာ ပညာရေးကွန်ရက်က သင်တန်းကျောင်းအတွက် ကွန်ပျူတာအသစ်တွေ တိုးချဲ့ဖို့နဲ့ အဝေးကလာတဲ့ သင်တန်းသားတွေ နေထိုင်နိုင်ရေး သစ်သားကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ်နိုင်ဖို့အတွက် ပညာရေးရန်ပုံငွေ ကံစမ်းမဲလက်မှတ်တွေ ပြုလုပ်ရောင်းချသွားမယ်လို့ သိရပါတယ်။

ရက္ခိုင်ပြည်၊ အဉ္ဇနပူရမြို့မှာ အခြေစိုက်ပြီး မျိုးဆက်သစ်လူငယ်တွေကို အင်္ဂလိပ်စာနဲ့ ကွန်ပျူတာဘာသာရပ်တွေကို အခမဲ့ သင်ကြားပေးနေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ အပတ်စဉ် ၃ သင်တန်း ပြီးဆုံးတော့မှာဖြစ်ပြီး အပတ်စဉ် ၄ အတွက် သင်တန်းသားသစ်တွေ ခေါ်ယူဖို့ စီစဉ်လျက်ရှိတယ်လို့ သိရပါတယ်။

ကျောက်တော်မြို့မှာလည်း ယမန်နှစ်က အပတ်စဉ် ၁ သင်တန်းကို ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသား ၁၀၀ ကျော်ကို သင်တန်းဆင်းလက်မှတ်တွေ ပေးအပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ကွန်ရက်ရဲ့ ကျောင်းအုပ်နဲ့ နာယကဖြစ်သူ ပစ်တိုင်းထောင်ဆရာတော်က သင်တန်းသားဦးရေ များပြားလာတာနဲ့ ကျောက်တော်မြို့ ကွန်ရက်ကျောင်းမှာ ကွန်ပျူတာ မလုံလောက်တာကြောင့် ကွန်ပျူတာသင်တန်း မဖွင့်လှစ်နိုင်သေးတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ရန်ပုံငွေကံစမ်းမဲလက်မှတ်တွေ စီစဉ်ရတာလို့ မိန့်ကြားပါတယ်။

“ခေတ်ကာလအနေအထား၊ စီးပွားရေးအကျပ်အတည်း၊ ကုန်ဈေးနှုန်းမြင့်မားမှု စတဲ့ အခက်အခဲများကြောင့် တစ်ဦးတစ်ယောက်မှ ကွန်ပျူတာတစ်လုံးကို သိန်း ၂၀ နဲ့ ဝယ်လှူဖို့ အဆင်မပြေနိုင်ကြပါ။ ဒါကြောင့် အားလုံး ပူးပေါင်းပါဝင်နိုင်တဲ့ ကံစမ်းမဲဖြတ်ပိုင်းကို ပြုလုပ်ကာ ကွန်ပျူတာအသစ် တိုးချဲ့နိုင်ဖို့နဲ့ အဝေးမှလာတဲ့ သင်တန်းသားတွေ အဆောင်မှာ နေထိုင်ဖို့ သစ်သားကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ်ဖို့ ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ကျောက်တော်ကွန်ရက်ကျောင်းမှာလည်း ကွန်ပျူတာသင်တန်း ဖွင့်နိုင်အောင်နဲ့ အဉ္ဇနပူရမြို့မှာ ကွန်ပျူတာသင်တန်းသားတွေကို အရင်ကထက် ပိုမိုလက်ခံနိုင်အောင် ပြုလုပ်ရခြင်း ဖြစ်ပါတယ်” လို့ ဆရာတော်က မိန့်ကြားပါတယ်။

ကံစမ်းမဲလက်မှတ်တွေကို ၃ လအတွင်း ရောင်းချသွားမယ်ဖြစ်ပြီး တစ်စောင်လျှင် ကျပ် ၅,၀၀၀ နှုန်း (တစ်အုပ်လျှင် အစောင် ၂၀ ပါဝင်ပြီး ကျပ် ၁၀၀,၀၀၀ နှုန်း) သတ်မှတ်ထားပါတယ်။

ဆုမဲတွေအဖြစ် Smash ဆိုင်ကယ်အသစ် ၁ စီး၊ Lenovo (RAM 8GB) ကွန်ပျူတာအသစ် ၃ လုံး၊ Redmi 15 Pro+ ဖုန်း ၁ လုံး၊ Redmi 17 Pro ဖုန်း ၂ လုံး၊ ဂျပန်စက်ဘီး ၂ စီးနဲ့ အပ်ချုပ်စက် ၂ လုံးတို့အပါအဝင် ရန်ပုံငွေရဲ့ ၄၀ ရာခိုင်နှုန်းကျော်ကို ဆုမဲအဖြစ် ပြန်လည်ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

ကံထူးရှင်တွေကို လာမယ့် တပို့တွဲလပြည့်နေ့မှာ ရခိုင်ပြည်လုံးဆိုင်ရာ ပညာရေးကွန်ရက်က တိုက်ရိုက်ထုတ်လွှင့် (Live) ပြီး မဲနှိုက်ရွေးချယ်ကာ အခမ်းအနားနဲ့ ဆုချီးမြှင့်သွားမယ်လို့ သိရပါတယ်။

လက်မှတ်တွေကို အဉ္ဇနပူရမြို့မှာ သင်တန်းမှူး ဆရာ၊ ဆရာမတွေနဲ့ သင်တန်းသားတွေက လှည့်လည်ရောင်းချသွားမယ်ဖြစ်သလို ပြည်ပရောက် ရက္ခိုင်တိုင်းရင်းသားတွေအနေနဲ့လည်း ကွန်ရက်ရဲ့ Facebook Messenger ကနေတစ်ဆင့် ဆက်သွယ်ဝယ်ယူအားပေးနိုင်တယ်လို့ သိရတယ်။

လက်ရှိဖွင့်လှစ်ထားတဲ့ ကွန်ရက်ကျောင်းမှာ အင်္ဂလိပ်စာနဲ့ ကွန်ပျူတာဘာသာရပ်တွေအပြင် ပါဠိ၊ ရက္ခိုင်၊ မြန်မာသဒ္ဒါသင်တန်းတွေနဲ့ အဘိဓမ္မာသင်တန်းတွေကိုပါ မည်သူမဆို တက်ရောက်နိုင်ဖို့ တိုးချဲ့ဖွင့်လှစ်ထားပြီး နောက်ပိုင်းမှာ ကဗျာရေးသားနည်းသင်တန်းနဲ့ အင်တာနက် အဆင်ပြေလာရင် ဆရာဖြစ်သင်တန်းတွေကိုပါ ပို့ချပေးဖို့ စီစဉ်လျက်ရှိတယ်လို့ ပစ်တိုင်းထောင်ဆရာတော်က မိန့်ကြားထားပါတယ်။

Related posts

ချင်းတောင်ပိုင်းတွင် AA အင်အား ၈၀၀ ခန့် တပ်ဖြန့်ထားလို့ ရွေးတုအစိုးရ ခန့်မှန်း

Rakhita Times

ရက္ခိုင်မှာ မိခင်တွေ နို့မထွက်တာကြောင့် ကလေးတွေကို နို့ဆီ ဖျော်တိုက်နေရ

Rakhita Times

အောက်တိုဘာလအတွင်း စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၄၉ ဦး သေဆုံးပြီး ရက္ခိုင်ပြည်မှာ ၁၅ ဦးနဲ့ အများဆုံးလို့ BWU ထုတ်ပြန်

Rakhita Times

Leave a Comment