အာရက္ခတိုင်းမ်စ် (၂၇ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ သံတွဲမြို့၊ မြို့မဝေဠုဝန်ကျောင်းတိုက်ရဲ့ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တကုဝေရရဲ့ အန္တိမအဂ္ဂိဈာပနအခမ်းအနားကို လာမယ့် နိုဝင်ဘာလ ၂၉ ရက် (တနင်္ဂနွေနေ့) မှာ ရန်ကုန်မြို့၊ ရေဝေးသုသာန်မှာ ကျင်းပမယ်လို့ ဈာပနကျင်းပရေးကော်မတီထံက သိရပါတယ်။
ဈာပနအခမ်းအနားကို နိုဝင်ဘာလ ၂၉ ရက် မွန်းလွဲ ၂ နာရီကနေ ညနေ ၄ နာရီအထိ ရေဝေးသုသာန် အဆောင် (၁)၊ အခန်း (က) မှာ ကျင်းပမယ်လို့ ဆိုပါတယ်။
တပည့်ဒါယကာ၊ ဒါယိကာမတွေနဲ့ ရပ်နီးရပ်ဝေးက ဧည့်ပရိသတ်တွေ မိမိအစီအစဉ်နဲ့ ကြွရောက်နိုင်ကြောင်းလည်း သိရပါတယ်။
ဈာပနအခမ်းအနား စနစ်တကျ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နာယကဆရာတော်တွေအဖြစ် ရှောက်ကုန်းဆရာတော်၊ သီရိမင်္ဂလာမြို့ဦးဆရာတော်နဲ့ သိဒ္ဓိဇေယျာဆရာတော်တို့က ဆောင်ရွက်ကြမယ်လို့ သိရပါတယ်။
အလုပ်အမှုဆောင်ကော်မတီမှာ ဓမ္မသုခဆရာတော် (ဥက္ကဋ္ဌ)၊ မြရတနာဆရာတော် (အတွင်းရေးမှူး)၊ ဦးပဏ္ဍဝ (ဘဏ္ဍာရေးမှူး) နဲ့ ဦးဇော်မင်းဦး (တွဲဖက်ဘဏ္ဍာရေးမှူး) တို့အပါအဝင် ဥက္ကလာသီရိဆရာတော်၊ ဓမ္မပီယဆရာတော်၊ သိမ်ကုန်းဆရာတော်နဲ့ အောင်ဓမ္မရိပ်သာဆရာတော်တို့နဲ့ ဖွဲ့စည်း ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။
