အာရက္ခတိုင်းမ်စ် (၂၇ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည် အမ်းမြို့နယ်နဲ့ မကွေးကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ ရိုးမလမ်းပေါ်က နတ်ရေကန်အနီးဝန်းကျင်နဲ့ တလိုင်းတောင်လမ်းပိုင်းတို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးကာ လက်နက်ခဲယမ်းအချို့ကို အာရက္ခတပ်တော် (AA) က သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
နတ်ရေကန်ဗျူဟာစခန်းတည်ရှိရာ အမ်း-ပဒါန်းလမ်းပေါ်က ဂုတ်ကြီးနဲ့ ပဇီကျေးရွာဝန်းကျင်မှာ အင်အား ၄၀၀ ခန့်နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေနဲ့ AA ပူးပေါင်းမဟာတပ်ဖွဲ့ဝင်တွေကြား နိုဝင်ဘာလ ၂၆ ရက် နံနက်အစောပိုင်းကစပြီး တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃၀ ကျော်သေဆုံးပြီး တပ်ဖွဲ့ဝင်အချို့က စစ်ကြောင်းပြိုကွဲကာ ထွက်ပြေးသွားတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။
အမ်းမြို့နယ် တလိုင်းတောင်နဲ့ မကွေးတိုင်း သဖန်ရောင်ရိုးမလမ်းကြားက ငကုန်းကျေးရွာဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး AA ဘက်က စစ်ကောင်စီရဲ့ ယာယီခြေကုပ်စခန်းအချို့ကို သိမ်းပိုက်ထားတယ်လို့လည်း သိရပါတယ်။
မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းက အမ်း-ပဒါန်းလမ်းဟောင်းပေါ်က နတ်ရေကန်ဗျူဟာကုန်းအနီး တိုက်ပွဲတွေဟာ AA က အမ်းမြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၂၀ ရက်နောက်ပိုင်း ၂၀၂၅ လယ်ပိုင်းကစပြီး ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
လက်ရှိမှာ နတ်ရေကန်ဗျူဟာကုန်းပတ်ဝန်းကျင်ကို AA က ဝန်းရံပိတ်ဆို့ထားပြီး စစ်ကောင်စီတပ်က ဒီပိတ်ဆို့မှုကို ထိုးဖောက်နိုင်ဖို့ မကွေးတိုင်းဘက်ခြမ်းကနေ စစ်အင်အားထောင်ချီသုံးပြီး တိုက်ခိုက်နေတာကြောင့် ရိုးမလမ်းတစ်လျှောက် တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။
