အာရက္ခတိုင်းမ်စ် (၂၇ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်က ကွမ်းတောင်ကျေးရွာကို ထိန်းချုပ်နိုင်ခြင်းမရှိသေးတဲ့ စစ်ကောင်စီဟာ တပ်မ ၁၀၁ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေကို အမြင့်ကျွန်းကျေးရွာမှာ စစ်အင်အား ထပ်မံဖြည့်တင်းနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က စစ်သင်္ဘောတွေနဲ့ စစ်တွေမြို့ကို တပ်အင်အားအများအပြား ထပ်မံဖြည့်တင်းခဲ့ပြီး ရွှေမင်းဂံ၊ အမြင့်ကျွန်းနဲ့ ငပြီကျွန်းဒေသတွေကို တပ်တွေ ဖြန့်ကြက်ချထားတာလို့လည်း သိရပါတယ်။
နိုဝင်ဘာလ ၁၉ ရက် ညပိုင်းက စစ်သင်္ဘောတွေနဲ့ ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်တွေမြို့ ဆတ်ရိုးကျအနီးမှာ အင်အားစုဖွဲ့ခဲ့ပြီးနောက် လက်ရှိ စစ်ရေးအခြေအနေအရ သက်ဆိုင်ရာဒေသတွေကို ထပ်မံ ဖြန့်ကြက်လိုက်တာလို့ သိရပါတယ်။
စစ်တွေတပ်နယ် အမြင့်ကျွန်းကထွက်ခွာလာတဲ့ စစ်ကြောင်းတွေရဲ့ ဆက်သွယ်ရေးလမ်းကြောင်း မပြတ်တောက်စေဖို့ ရွှေကွမ်းတောင်နဲ့ အမြင့်ကျွန်းကြားမှာလည်း ခြေကုပ်စခန်းတွေ ပြုလုပ်ထားတယ်လို့လည်း မြေပြင်စစ်ရးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ငပြီကျွန်းကို ရောက်ရှိနိုင်ရန် စစ်တွေအခြေစိုက် စစ်ကောင်စီစစ်ကြောင်းတွေကလည်း နယ်မြေခြေကုပ်ရယူနိုင်ဖို့ ကြိုးပမ်းလျက်ရှိပြီး ဒီခြေကုပ်နေရာတွေကနေတစ်ဆင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ပလီမော်နယ်မြေအတွင်းကို ဒရုန်းတွေနဲ့ ဆက်တိုက် တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ရက္ခိုင်ပြည်နဲ့ ဆက်စပ်နယ်မြေတွေကို အဓိကထားပြီး ထိုးစစ်ဆင် တိုက်ခိုက်နေပေမယ့် မြေပြင်မှာ သူတို့ရဲ့ စစ်ရေးရည်မှန်းချက်တွေ အောင်မြင်ပြည့်ဝမှု မရှိသေးဘူးလို့လည်း သိရပါတယ်။
