ArticelsLife StylePolitic

အရှေ့ဗမာပြည်မှာ ပြန်ပေးဆွဲခံခဲ့ရသည့် အနောက်ရက္ခိုင်ပြည်က ရက္ခိုင်ရိုးရာဆီမီးခွက်ယိမ်းအက ဗုဒ္ဓပူဇနိယတေးသီချင်း

🖊️မင်းသုတ🖊️

အို— မဟာမုနိ ဘဂဝါ၊ အို— မုနိမဟာ ဘဂဝါ၊ အို— မဟာမုနိ ဘဂဝါ၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ။ 

(၁) အင်္ဂီရဿံ၊ ဘွဲ့ထူးခံ၊ ငါးမာရ်အောင်ရ၊ ကိုးပါးဂုဏ်၊ စုံပြည့်ဝကေ မြတ်ဗုဒ္ဓလေ— မြတ်ဗုဒ္ဓ—။ ကာယ, ဝစီ၊ မနောချီ၊ အဉ္ဇလီသ၊ ကျွန်ပူဇော်၊ ဂုဏ်တော်မြတ်ကို၊ ဦးညွှတ်ခလေ- ဦးညွှတ်ခ။  ဗုဒ္ဓံ မယံ ပူဇေမိ၊ ဗုဒ္ဓံ မယံ ပူဇေမိ၊ ဗုဒ္ဓံ မယံ ပူဇေမိ။ 

(၂) ဒေသနာဉာဏ်၊ နီရောင်လျှံ၊ ခြောက်တန်ဂုဏ၊ မပျက်မှန်၊ စုံပြည့်ဝကေ၊ မြတ်ဓမ္မလေ- မြတ်ဓမ္မ—။ ကာယ, ဝစီ၊ မနောချီ၊ အဉ္ဇလီသ၊ ကျွန်ပူဇော်၊ ဂုဏ်တော်မြတ်ကို၊ ဦးညွှတ်ခလေ- ဦးညွှတ်ခ—။ ဓမ္မံ မယံ ပူဇေမိ၊ ဓမ္မံ မယံ ပူဇေမိ၊ ဓမ္မံ မယံ ပူဇေမိ။ 

(၃) ဘုရားသားမှန်၊ သံဃာမွန်၊ သျှစ်တန်အရိယ၊ နဝဂုဏ်၊ စုံပြည့်ဝကေ၊  မြတ်သံဃလေ— မြတ်သံဃ—။ ကာယ, ဝစီ၊ မနောချီ၊ အဉ္ဇလီသ၊ ကျွန်ပူဇော်၊ ဂုဏ်တော်မြတ်ကို၊ ဦးညွှတ်ခလေ— ဦးညွှတ်ခ—။ သံဃံ မယံ ပူဇေမိ၊ သံဃံ မယံ ပူဇေမိ၊ သံဃံ မယံ ပူဇေမိ။ 

(၄) ဗုဒ္ဓ ဓမ္မ မြတ်သံဃာ၊ သုံးဖြာဂုဏ၊ လက်ဆယ်ဖြာ၊ ပဏ္ဏာသဘိ၊ ဝန္ဒာမိလေ—  ဝန္ဒာမိ။ 

ရှိခိုးကော်ရော်၊ ကျွန်ပူဇော်၊ အဟောဝတ၊ သုခမှန်၊ နိဗ္ဗာန်နန်းကို၊ မြန်းရစီလေ— မြန်းရစီ—။ ဗုဒ္ဓံ မယံ ပူဇေမိ၊ ဓမ္မံ မယံ ပူဇေမိ၊ သံဃံ မယံ ပူဇေမိ—။ 

(၅) မာတာပိတာ၊ မြတ်ဆရာ၊ ချမ်းသာသုခ၊ ပြည့်ဝရန်၊ ဆုပန်သဘိ၊ နမာမိလေ— နမာမိ—။ ပုညဘာဂံ၊ အဖိုးမွန်၊ အကျွန်ပြုရ၊ မြတ်ကုသိုလ်၊ ထိုဒါနကို၊ အမျှဝီလေ— အမျှ‌ဝီ—။ 

သဗ္ဗေသာနံ ဒဒါမိ၊ သဗ္ဗေသာနံ ဒဒါမိ၊ သဗ္ဗေသာနံ ဒဒါမိ—။ 

တေးသီချင်း၏ နိဒါန်းတွင် တတိယဓညဝတီခေတ်ကာလ ဘုရင်စန္ဒသူရိယမင်းလက်ထက်တော်အခါက ဘုရင်မင်းမြတ်၏ မနောအဓိဋ္ဌာန် စိတ်အကြံဖြင့် ပင့်လျှောက်တော်မူ၍ ဓညဝတီနေပြည်တော်သို့ မြတ်ဗုဒ္ဓ ကြွရောက်တော်မူခဲ့ပါသည်။ မြတ်ဗုဒ္ဓ ပြန်ကြွတော်မူခါနီး ဘုရင်မြတ်၏ တောင်းပန်လျှောက်ထားချက်အရ ကိုယ်စားတော်အဖြစ် မဟာမြတ်မုနိ သျှင်တော်မြတ်ကို သွန်းလုပ်တော်မူခဲ့ပါသည်။ ၎င်း မဟာမြတ်မုနိ သျှင်တော်မြတ်ကို ပူဇော်ထားခြင်း၊ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးများ အမြဲမပြတ် ခံယူဆောက်တည်ထားသောသရဏဂုံသုံးပါးကို တည်ဆောက်ထားပါသည်။ 

ပထမအပိုဒ်တွင် ဗုဒ္ဓရတနာ(ခေါ်) ဘုရားရတနာတော်ဖြစ်သည့် မြတ်စွာဘုရားသျှင်နှင့်တကွ မြတ်ဗုဒ္ဓ၏ အခြေခံဂုဏ်တော်ကိုးပါးကို ကာယကံ၊ ဝစီကံ၊ မနောကံ ဆိုသည့် (ကိုယ်၊ နှုတ်၊ စိတ်) ကံသုံးပါးဖြင့် ပူဇော်ကန်တော့ထားပါသည်။ ဒုတိယအပိုဒ်တွင် ဓမ္မရတနာ(ခေါ်) တရားရတနာတော်နှင့် တရားဂုဏ်တော်ခြောက်ပါးကို ကံသုံးပါးဖြင့် ပူဇော်ကန်တော့ထားပါသည်။ တတိယအပိုဒ်တွင် သံဃရတနာ(ခေါ်) သံဃာတော်အသျှင်သူမြတ်များ၏ ကိုးပါးသောဂုဏ်တော်များကို ပူဇော်ကန်တော့ထားပါသည်။ 

စတုတ္ထအပိုဒ်တွင် ဘုရား ရတနာ၊ တရား ရတနာ၊ သံဃာ ရတနာဟုဆိုသော ရတနာမြတ်သုံးပါး၏ ဂုဏ်တော်များကို စုပေါင်း ပူဇော်ကန်တော့ထားပါသည်။ ဗုဒ္ဓဘာသာဝင်များ၏ နောက်ဆုံးပန်းတိုင်ဖြစ်သည့် မြတ်နိဗ္ဗာန်ကိုလည်း ဆုပန်တော်မူထားပါသည်။ ပဉ္စမအပိုဒ်တွင် မိခင်၊ ဖခင်နှင့် ဆရာသမားများကို ရှိခိုးပူဇော် ကန်တော့ထားပြီး ချမ်းသာသုခအပေါင်းနှင့် ပြည့်ဝပါစေကြောင်းကိုလည်း ဆုတောင်းပေးထားပါသည်။ ပြုလုပ်သမျှသော ကုသိုလ်ကောင်းမှုများကို ဝေနေယျသတ္တဝါများ ထပ်တူ ရရှိနိုင်ပါစေကြောင်းကိုလည်း ရေစက်သွန်းချ အမျှပေးဝေထားပါသည်။ 

အနှစ်ချုပ်အားဖြင့်ဆိုပါက ဤ ဗုဒ္ဓပူဇနိယရခိုင်ရိုးရာ ဂန္ထှင်တေးသီချင်းသည် အနန္တောအနန္တငါးပါး၏ ဂုဏ်တော်များကို ဖော်ကျူး ပူဇော်ထားသည့် တေးသီချင်းတစ်ပုဒ်ဖြစ်ပါသည်။ ရခိုင်ရိုးရာ ဆီမီးခွက်ယိမ်းအကသီချင်းတစ်ပုဒ်ဖြစ်သလို  ဓမ္မတေးသီချင်းတစ်ပုဒ်လည်း ဖြစ်ပေသည်။ ဤ တေးသီချင်းကို ရက္ကန်းဦးဘသာ(ဓညစံ)က ၁၉၆၅ ခုနှစ်တွင် ရေးစပ်ပူဇော်ခဲ့ပါသည်။ ပထမဆုံး သီဆိုပူဇော်သူများကို မသိရှိရပေ။ နောက်ပိုင်းတွင် “ကိုကျော်မင်းသန်း”နှင့် “မိုင်မိုးစက်”တို့က ပူးပေါင်းသီဆိုပူဇော်ထားပါသည်။

အရေးအဖွဲ့ကောင်းမွန်ပြီး အနှစ်သာရပြည့်ဝသည့် တေးသီချင်းတစ်ပုဒ်ဖြစ်သည်။ သီဆိုသည့်အခါလည်း တက်သံ၊ ကျသံ(နိမ့်သံ၊ မြင့်သံ)ဖြင့် စည်းဝါးတကျ သီဆိုထားသောကြောင့် နားထောင်၍လည်း ကောင်းမွန်ပါသည်။ ဤ တေးသီချင်းမျိုး နောက်ထပ်တစ်ပုဒ် ပေါ်မလာနိုင်သည့် အရေးအဖွဲ့မျိုးလည်း ဖြစ်ပေသည်။ ပရိသတ်အဖြစ် ကြည့်ရှု နားထောင်သူများသည်လည်း ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးနှင့် မိဘ၊ ဆရာဆိုသည့် အနန္တော အနန္တငါးပါး၏ ဂုဏ်တော် ကျေးဇူးတော်များကိုလည်း ယခင်ကထက်ပို၍ သိမြင် နားလည်တတ်လာမည် ဖြစ်သည်။ 

ရတနာသုံးပါးကိုလည်း ယခင်ကထက် ကြည်ညိုသဒ္ဓါ တိုးပွါးလာပြီး ဘာသာတရားလည်း ကိုင်းရှိုင်းလာမည် ဖြစ်သည်။ ဤ ဗုဒ္ဓပူဇနိယ ရခိုင်ရိုးရာတေးသီချင်းကို ၁၉၆၆ ခုနှစ်၊ (၁၉)ကြိမ်မြောက် ပြည်‌ထောင်စုနေ့ အထိမ်းအမှတ်ပွဲတော်အတွင်း စစ်တွေမြို့၊ ယဉ်ကျေးမှုအဖွဲ့က တင်ဆက် က,ပြခဲ့သည်။ ပြည်တွင်း ပြည်ပတွင် ပြုလုပ်ကျင်းပကြသည့် ရခိုင်အမျိုးသားရေးဆိုင်ရာ ပွဲတော်များတွင်လည်း ဤ တေးသီချင်းနှင့်အတူ ဆီမီးခွက်အကဖြင့် က,ပြ ပူဇော်လေ့ ရှိကြပေသည်။ 

 ၁၃၇၅ ခုနှစ်၊ ဝါကျွတ်လပြည့်၊ အဘိဓမ္မာ‌အခါတော်နေ့တွင်လည်း ဤ တေးသီချင်းနှင့်အတူ ရခိုင်ရိုးရာ ဆီမီးခွက်အကဖြင့် က,ပြ ပူဇော်ခဲ့ပါသည်။ ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားအနောက်ဖက်ရှိ ပြည်သူ့ရင်ပြင်တွင် က,ပြ ဖျော်ဖြေ သီဆိုတင်ဆက်ခဲ့ခြင်း ဖြစ်ပါသည်။ သီဆိုခဲ့သည့် အဆိုတော်မှာ တေးသံရှင် ချမ်းချမ်း ဖြစ်သည်။ ရခိုင်အမျိုးသမီးအသင်း(ရန်ကုန်)က ရခိုင်ရိုးရာ ဆီမီးခွက်အကဖြင့် က,ပြ တင်ဆက်ပေးခဲ့သည်။ ထိုနေ့၊ ထိုနေရာတွင် သီတဂူဆရာတော် “အသျှင်ဉာဏိဿရ”က တရားဓမ္မဟောကြားတော်မူခဲ့သည်။

 ဓမ္မသဘင်ပွဲ မစတင်မီ ဗုဒ္ဓပူဇနိယ တေးသီချင်းဖြင့် ပူဇော်ကန်တော့ ဖွင့်လှစ်‌တော်မူခြင်းလည်းဖြစ်သည်။ ပွဲတော်သို့ ရောက်ရှိလာကြသည့် ပရိသတ်များမှာလည်း ရဟန်း၊ ရှင်၊ လူ ပရိသတ်ပေါင်း ထောင်ပေါင်းများစွာ ရောက်ရှိခဲ့ကြသည်။ သီတင်းကျွတ်(ဝါကျွတ်)လပြည့်နေ့ ညချမ်းအချိန်တွင်ဖြစ်သောကြောင့်  ပြည်သူ့ရင်ပြင် ပန်းခြံအတွင်း ရောင်စုံ လျှပ်စစ်မီးများနှင့်အတူ လရောင်များဖြာထွက်ကာ အလင်းဓာတ်ပေးဆောင်ထားမှုကြောင့် ရွှေတိဂုံဘုရားကို နောက်ခံထားရှိသည်မှာ သာယာလှပနေခဲ့ပါသည်။  

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ တည်းဟူသော ဤ ဓမ္မတေးသံသည် ရခိုင့်ဝေသာလီခေတ်တွင် လွှမ်းမိုးခဲ့သည်ဟု သိရပါသည်။ ဤ တေးသီချင်းကို စည်ခြင်းဖော်၍ စည်ဖြင့် တီးခတ်ရပါသည်။ ရှေးခေတ် ရခိုင်လူမျိုးများသည် ဘုရားများ၌ ဆီမီးပူဇော်သည့် ပွဲလမ်းသဘင်များကို ပြုလုပ်လေ့ ရှိကြပါသည်။ ဆီမီးပူဇော်ခွက်များကို ကြေး၊ မြေ များဖြင့် ပုံစံအမျိုးမျိုး သွန်းလုပ်ကာ ပြုလုပ်ပူဇော်ကြသည်ကို ကျောက်ဆစ်လက်ရာများက သက်သေခံလျက် ရှိနေပါသည်။  

၁၉၆၆ ခုနှစ်၊ ပြည်ထောင်စုနေ့တွင် ရခိုင်ယဉ်ကျေးမှုဖော်ထုတ်ရေးအဖွဲ့က တင်ဆက်က,ပြခဲ့သည်။ အသုံးပြုခဲ့သည့် အဓိကတူရိယာများမှာ ရခိုင်စည်နှင့် ရခိုင်ပလွေ(ပြီ) ဖြစ်သည်ဟု ဆရာကြီးဓညစံကိုယ်တိုင်ရေးသားခဲ့သည့် “ဝေသာလီခေတ်က ဆင်းသက်လာသည့် ဗုဒ္ဓပူဇနိယ တေးသံ” ဆောင်းပါးတွင် ရေးသားထားသည်ကို တွေ့ရှိရပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအဖြစ် ရွေးချယ်ခံခဲ့သည့် ဒေါ်ထုမေသည်လည်း သူမ၏ အမှတ်တံဆိပ် သင်္ကေတအဖြစ် ဝေသာလီခေတ် ကြေး ဆီမီးခွက်ကို မြတ်နိုးတန်ဖိုးထားကာ အသုံးပြုခဲ့သည်။ 

အဆိုတော်ချမ်းချမ်းသည် ဤ ဗုဒ္ဓပူဇနိယ တေးသီချင်းကို ၁၃၇၅ ခုနှစ်၊ ဝါကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ (ဓမ္မသဘင်)အထူးတရားပွဲတွင် သီဆိုခဲ့ပြီး၊ သူမ၏ “အိပ်မက်စီးရီးခွေ” ထုတ်လုပ်ဖြန့်ချိရာတွင် Audio CD cover သီချင်းစာအုပ်ပုံနှိပ်ရာ၌ လည်းကောင်း၊ Myanmar Online Store တွင် ဖြန့်ချိရောင်းချရာ၌ လည်းကောင်း သီချင်းရေးသူနာမည်ကို မြင့်မိုးအောင် ဟု ဖော်ပြထားသည်။ ယင်းသို့ တေးရေးဆရာနာမည်ကို မှားယွင်းစွာ ဖော်ပြထားမှုအား ဆရာကြီးရက္ကန်းဦးဘသာ၏ မိသားစုဝင်များ၊ ရခိုင်စာပေယဉ်ကျေးမှုအဖွဲ့နှင့် ရခိုင်ဂီတအစည်းအရုံး စသည့် စာပေနှင့်ဂီတပနုပညာအသိုင်းအဝိုင်းများက အဆိုတော်ချမ်းချမ်းနှင့် တေးရေးဆရာ မြင့်မိုးအောင်ကို ဝေဖန်ပြောဆိုခဲ့ကြသည်။ ယင်းကြောင့် သူတို့နှစ်ယောက် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ကာ ဖြေရှင်းချက်ပေးခဲ့ကြရသည်။  

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၉)ရက်၊ တနင်္လာနေထုတ်၊ မြန်မာ့အလင်း သတင်းစာ၊ မြို့နယ်သတင်းများကဏ္ဍ၊ စာမျက်နှာ(၁၉)တွင် “ဗုဒ္ဓပူဇနိယ တေးသီချင်း၏ တေးရေးဆရာမှားယွင်းစွာဖော်ပြခြင်းနှင့်ပတ်သက်၍ ရှင်းလင်း” ဆိုသည့် ‌ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။ သတင်းအပြည့်အစုံမှာ “ဗုဒ္ဓပူဇနိယ ‌တေးသီခြင်းနှင့်ပတ်သက်၍ တေးသီချင်း မူရင်းရေးစပ်သူဖြစ်သော ရက္ကန်းဦးဘသာ၏ မိသားစုဝင်များ၊ ရခိုင်ဂီတအစည်းအရုံး(စစ်တွေ)မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တေးရေး မြင့်မိုးအောင်တို့၏ တွေ့ဆုံဆွေးနွေးရှင်းလင်းခြင်း အခမ်းအနားကို စစ်တွေမြို့၊ ရွှေသဇင်ဟိုတယ် အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ(၂၆)ရက်နေ့က ကျင်းပသည်။ ဗုဒ္ဓပူဇနိယ တေးသီချင်း၏ မူရင်းရေးစပ်သူမှာ သူတို့၏ ဖခင်ဖြစ်ကြောင်း၊ ဤ တေးသီချင်းအား မည်သူတစ်ဦးတစ်ယောက်ကိုမျှ မူပိုင်ပေးထားခြင်း မရှိကြောင်း၊ 

ခု The Sun Music က ထုတ်ဝေသော အဆိုတော်ချမ်းချမ်း သီဆိုသည့် အိပ်မက်စီးရီးတွင် ဗုဒ္ဓပူဇနိယ တေးသီချင်း ရေးစပ်သူမှာ တေးရေး မြင့်မိုးအောင် ဟု တွေ့ရ၍ မိသားစုဝင်များ တိုင်ပင်ဆွေးနွေးကာ ကန့်ကွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုလို သတင်းစာရှင်းလင်းပွဲဖြစ်မြောက်အောင် ရန်ကုန်မှလာပြီး သူတို့ မိသားစုဝင်များအား ရှင်းလင်းပြောကြားပေးသော တေးရေး မြင့်မိုးအောင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များကို ကျေးဇူးတင်ပါကြောင်း” စသဖြင့် တေးရေးရက္ကန်းဦးဘသာ(ကွယ်လွန်) ၏ သားဖြစ်သူ ဦးကျော်သိန်းက ရှင်းလင်း ပြောကြားခဲ့ပါသည်။  

တေးရေးမြင့်မိုးအောင်ကလည်း ဗုဒ္ဓပူဇနိယ တေးသီချင်းကို ရက္ကန်းဦးဘသာ ရေးစပ်ခဲ့သည်ကို မသိခဲ့ပါကြောင်း၊ ရခိုင်တေးရေးဆရာ ဦးအောင်ကျော်ခိုင် ရေးစပ်ခဲ့သည်ဟု အစက သိရှိခဲ့ကြောင်း၊  ယခုမှသာ ရက္ကန်းဦးဘသာဟု တေးရေးဆရာအစစ်ကို သိရှိရ၍ ကျေးဇူးတင်ပါကြောင်း၊ မိမိအား ရှင်းလင်းပေးရန် အကြောင်းကြားပြီးကတည်းက ရှင်းလင်းပြောကြားပေးချင်ပါကြောင်း၊ မှားယွင်းစွာ ရေးသားခဲ့သည်မှာလည်း မိမိက မခိုင်းခဲ့ပါကြောင်း၊ မည်သို့ပင်ဖြစ်စေ တေးရေးသူနာမည်တွင် မိမိနာမည်ပါနေ၍ တာဝန်ရှိသည်ဟု ခံယူပါသဖြင့် ယခုကဲ့သို့ လာရောက်ဖြေရှင်းပေးရခြင်းဖြစ်ပါကြောင်း၊ တေးရေးဆရာ မိသားစုဝင်များနှင့် ရခိုင်ဂီတအစည်းအရုံး(စစ်တွေ)တို့က တောင်းဆိုချက်အတိုင်း မိမိအနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မှားယွင်းစွာ ဖော်ပြခဲ့ခြင်းအား တောင်းပန်ပါကြောင်း စသဖြင့် ရှင်းလင်း ပြောကြားခဲ့ပါသည်။  

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ စစ်တွေမြို့၊ မြို့မိ မြို့ဖများ၊ ရခိုင်စာပီနှင့်ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရခိုင်ဂီတအစည်းအရုံး(စစ်တွေ)မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တေးရေးဆရာ ရက္ကန်းဦးဘသာ၏ မိသားစုဝင်များ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။ တေးရေးဆရာ ရက္ကန်းဦးဘသာ ရေးစပ်ခဲ့သည့် ဗုဒ္ဓပူဇနိယ တေးသီချင်းနှင့် ရခိုင်ဆီမီးခွက်အကကို ၁၉၆၆ ခုနှစ်၊ ပြည်‌ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်၊ တောင်ကြီးမြိုတွင် ပထမဆုံးက,ပြတင်ဆက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဤ တေးသီချင်းကို ရခိုင်ယဉ်ကျေးမှု၏ မူပိုင်တေးသီချင်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း သိရပါသည်။ သတင်း- လေးဝတီထွန်းစောခိုင်၊ ဓာတ်ပုံ- ဖရုံကာသား ဟု ဖော်ပြပါရှိသည်။ ဤ သတင်းစဉ်ကို ဖတ်ရှုသောအားဖြင့် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၆)ရက်၊ တနင်္လာနေ့တွင် သတင်းစာရှင်းလင်းပွဲ ပြီးဆုံးသည့်အချိန်မှစ၍ ဗုဒ္ဓပူဇနိယ ရခိုင်ရိုးရာယိမ်းတေးသီချင်းကို ရခိုင်ယဉ်ကျေးမှုအဖွဲ့၏ မူပိုင်ဖြစ်သွားပြီး ဖြစ်သည်။  

“ဗုဒ္ဓပူဇနိယ တေးသီခြင်း တေးရေးသူ အမည်မှားယွင်းစွာ ဖော်ပြမိခြင်းကိစ္စအား အနူးအညွှတ် တောင်းပန်ခြင်း” ဆိုသည့် ခေါင်းစဉ်ဖြင့် ကြေးမုံသတင်းစာတွင် တေးရေးမြင့်မိုးအောင်နှင့် တေးသံရှင်ချမ်းချမ်းတို့က တရားဝင်တောင်းပန်ထားသည်ကိုလည်း ဖတ်ရှုလိုက်ရပါသည်။ သတင်းအပြည့်အစုံမှာ “တေးသံရှင် ချမ်းချမ်း၏ အိပ်မက်စီးရီး ထုတ်လုပ်ဖြန့်ချိရာတွင် Audio CD cover သီချင်းစာအုပ်ပုံနှိပ်ရာ၌ လည်းကောင်း၊ Myanmar Online Store တွင် ဖြန့်ချိ ရောင်းချရာ၌ လည်းကောင်း၊ ဗုဒ္ဓပူဇနိယ တေးသီချင်းအား တေးရေးမြင့်မိုးအောင်ဟု မှားယွင်းစွာ ဖော်ပြမိခြင်းအတွက် လည်းကောင်း၊ အယင်က တေးရေးသူအမည်မှန် ဖော်ပြထားမှုမရှိခြင်းကြောင့် တေးရေးမူပိုင်ခွင့် မပေးနိုင်ခဲ့ခြင်းအတွက် လည်းကောင်း တေးသံရှင်ချမ်းချမ်းနှင့် Music Producer မြင့်မိုးအောင်တို့မှ မူလရေးသားသူ ဆရာကြီးရက္ကန်းဦးဘသာ(ကွယ်လွန်)နှင့် မိသားစုဝင်များအားလုံးကို အနူးအညွှတ် တောင်းပန်အပ်ပါသည်။  

ဗုဒ္ဓပူဇနိယ တေးသခြင်းနှင့်ပတ်သက်၍ ယနေ့အထိ ထုတ်လုပ်၊ ထုတ်လွှင့်၊ ဖြန့်ချိမှုများအတွက် တေးရေးမူပိုင်ခကို ဆရာကြီး၏ဇနီး မိသားစုထံသို့ ယခုအခါ လာရောက်ပေးအပ်ထားပြီး ဖြစ်ပါသည်။ နောက်နောင်တွင်လည်း တေးရေးသူမှာ ရက္ကန်းဦးဘသာဖြစ်ကြောင်း ဖော်ပြပေးသွားမည် ဖြစ်ပါသည်။ ဆရာကြီး၏ မူပိုင်ခွင့်ကိစ္စများ မလစ်ဟင်းစေရန် အလေးထား ဆောင်ရွက်သွားမည်၏ဟု ကတိပြုပါသည်။ယခုကိစ္စတွင် သ‌ဘောထားကြီးစွာဖြင့် ခွင့်လွှတ်နားလည်ပေးပါသော ဆရာကြီးရက္ကန်းဦးဘသာ(ကွယ်လွန်)၏ မိသားစုဝင်များကို လည်းကောင်း၊ စိတ် စေတနာကောင်းများဖြင့် ဝိုင်းဝန်း ကူညီညှိုနှိုင်းဖြေရှင်းပေးကြသည့် ရခိုင်ဂီတအစည်းအရုံး(စစ်တွေ)နှင့် ရခိုင်စာပီနှင့် ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်) တို့ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်” ဟု ဖော်ပြထားပါသည်။ သတင်းစဉ်အောက်တွင် မြင့်မိုးအောင်၊ ချမ်းချမ်း ဟု ဖော်ပြထားသည်။ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့တွင် ဆရာကြီးရက္ကန်းဦးဘသာ၏ဇနီးနေအိမ်သို့ သွားရောက်ပြီး ငွေသားများဖြင့် ပူဇော်ကန်တော့ခဲ့ကြပါသည်။  

သတင်းစာရှင်းလင်းပွဲတွင် တေးရေးမြင့်မိုးအောင်တို့ဖက်က တေးရေးဆရာနာမည်ကို မှားယွင်းစွာ ဖော်ပြမိခြင်းဟု ပြောဆိုခဲ့ခြင်းမှာ အကြောင်းပြချက်ပေးခြင်းမျှသာ ဖြစ်ပါလိမ့်မည်။ စင်စစ်သော် တေးရေးနာမည်ကို မှားယွင်းစွာဖော်ပြမိခြင်းဟု မရှိနိုင်ပါ။ ရည်ရွယ်ချက်ရှိရှိဖြင့် တမင်တကာ ဖော်ပြပေးလိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။ မည်သည့် အဆိုတော်တစ်ဦးကမျှ တေးရေးဆရာနာမည်ကို မှားယွင်းစွာ ဖော်ပြပေးလေ့ မရှိပါ။ အနောက်ရခိုင်ပြည်က ဗုဒ္ဓပူဇနိယတေးသီချင်း အရှေ့ဗမာပြည်တွင် ပြန်ပေးဆွဲခံခဲ့ရခြင်းပင်ဖြစ်ပေသည်။ ပြန်ပေးဆွဲခံခဲ့ရသည်ကို ရခိုင်စာပေအနုပညာသမားများနှင့် ဂီတအနုပညာသမားများက ပြန်လည်ရယူပေးခဲ့ခြင်းလည်းဖြစ်ပေသည်။ 

ဤ ဖြစ်ရပ်မှန်ကို သင်ခန်းစာယူကာ မိမိတို့ ရခိုင်လူမျိုးသည် ရှေးဟောင်းသမိုင်းဝင် ဘုရား၊ ပုထိုး၊ စေတီ၊ အဆောက်အအုံ၊ စာပေ၊ ဂီတ အနုပညာ အစရှိသည့် အမျိုးသားရေးလက္ခဏာများကို မပျောက်မပျက်အောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သလို တပါးသူများ၏ လက်ထဲသို့ ပါမသွားရအောင်လည်း ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ပေးကြရန် လိုအပ်လာပါသည်။  

ဤ ဗုဒ္ဓပူဇနိယ ရခိုင်ရိုးရာယိမ်းတေးသီချင်းကို ရခိုင်ဖတ်စာ၊ ဒုတိယတန်းတွင်လည်း သင်ခန်းစာတစ်ရပ်အဖြစ် ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ ရခိုင်ဖတ်စာ သင်ရိုးပြဋ္ဌာန်းချက်သည် သမ္မတဦးသိန်းစိန်လက်ထက်က ရေးဆွဲပြဋ္ဌာန်းပေးခဲ့ခြင်း ဖြစ်သည်။ သင်ရိုးညွှန်းတမ်းရေးဆွဲခဲ့ကြသည့် ပုဂ္ဂိုလ်များက တေးရေးဆရာနာမည်ကို ဖော်ပြထားခြင်း မတွေ့ရှိရပေ။ သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင် ဆရာတော်စက္ကိန္ဒ၊ ဆရာတော်ကုသလ(ငွေသဇင်- သံတွဲ)၊ ဆရာတော်ဝရသာမိ(ယုဇန- ကျောက်ဖြူ)၊ ဆရာမောင်ဗသိန်း၊ ဆရာအောင်လှသိန်း၊ ဆရာတော်ဇယန္တဗောဓိ၊ ဆရာတော်ကောသလ္လ၊ မင်းပြားမင်းသိဏ်းထွန်း၊ ဆရာကျော်ထွန်းအောင်၊ ဆရာနောင်အေး စသည့် ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များပါဝင်ကာ စုစုပေါင်း(၂၇)ဦးအထိ ပါဝင်ခဲ့သည်ကို သိရှိရပေသည်။ 

ဤ ကိစ္စနှင့်ပတ်သက်၍လည်း ဆရာကြီးရက္ကန်းဦးဘသာ၏ မိသားစုဝင်များက မူရင်းရေးသားသူနာမည်ကို ထည့်သွင်းပေးသင့်ကြောင်း အသံထွက် ပြောဆိုခဲ့ကြသည်ဟုလည်း သိရပါသည်။ မူရင်းရေးသားသူ၏ နာမည်ကို သိရှိထားပါသော်လည်း မဖော်ပြပေးခြင်းမှာ ရိုးသားမှုမရှိခြင်းတစ်မျိုးဟု ပြောဆိုရပါလိမ့်မည်။ သမိုင်းဖျောက်ရန် ကြိုးစားခြင်းဟုလည်း ရှုမြင်မိပါသည်။ မိမိတို့အချင်းချင်းတောင်မှ အသိအမှတ်ပြု လေးစားခြင်း မရှိ၊ ကျင့်ဝတ်မသိပါက တပါးသူများလည်း လေးစားအသိအမှတ်ပြုကြလိမ့်မည် မဟုတ်ပါ။ နောင်နောင်ဆိုပါက အချိန်ကြာလာသည်နှင့်အမျှ တေးရေးဆရာနာမည်တွင် “အမည်မသိရှေးစာဆို” ဖြစ်သွားမည်ကို စိုးရိမ်ရပါသည်။  ဗမာလူမျိုးများ ရေးဆွဲပြဋ္ဌာန်းထားသည့် မြန်မာစာ ဘာသာရပ်တွင် တချို့သော သင်ခန်းစာများကို နိုင်ငံခြားမှ ဘာသာပြန်ကူးယူထားသည်မျိုးရှိသည်ဟုလည်း သိရပါသည်။ အဆိုပါ သင်ခန်းစာများတွင် စာရေးသူနာမည်ကို အမည်မသိရှေးစာဆိုဟု ဖော်ပြထားသည်ဟုလည်း ကြားသိရပါသည်။ နောက်နောင်တွင် မိမိတို့ ရခိုင်လူမျိုးများ ရေးဆွဲပြဋ္ဌာန်းလာမည့် အတန်းလိုက်ဆိုင်ရာ သင်ခန်းစာများတွင် စာဆိုတော်များ၏ မူလကလောင်နာမည်ကို တလေးတစားနှင့် အလေးထားကာ ဖော်ပြပေးကြရန် လိုအပ်ပါလိမ့်မည်။  

စာရေးသူလည်း ဤ ဗုဒ္ဓပူဇနိယ(ရခိုင်ရိုးရာယိမ်းသီချင်း)ကို ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဒသမတန်းနှင့် ဧကာဒသမတန်းတွင် သင်ခန်းစာတစ်ရပ်အနေဖြင့် သင်ပြပေးခဲ့ပါသည်။ ပထမအနေဖြင့် သီချင်းကို ဆောင်းဘောက်ဖြင့် ဖွင့်ပြပေးသည်။ ဒုတိယအနေဖြင့် တေးသီချင်း တစ်ပိုဒ်ချင်းစီ၏ အဓိပ္ပါယ်ကို ရှင်းလင်းပြောပြဖြစ်သည်။ ကိုယ်တိုင်လည်း သီဆိုပြသည်။ ကျောင်းသားများကိုလည်း အဖွဲ့လိုက် သီဆိုစေသည်။ ကိုယ်တိုင် က,ပြသည်။ ကျောင်းသားများကိုလည်း အဖွဲ့လိုက် က,ပြစေသည်။ အဖွဲ့တစ်ဖွဲ့စီတွင် အကောင်းဆုံး သီဆိုနိုင်သည့် ကျောင်းသားတစ်ယောက်ကို ရှေ့ကထွက်၍ သီဆိုစေကာ တခြားသောကျောင်းသားများကို က,ပြစေသည်။ က,ပြ၊ ဆိုပြပြီးသည့်အခါ တေးရေးမြင့်မိုးအောင်နှင့် တေးသံရှင်ချမ်းချမ်းတို့နှစ်ယောက်ကြား ဤ တေးသီချင်း ဖြတ်သန်းခဲ့ရသည့် ဖြစ်စဉ်များကို ပြောပြဖြစ်ပါသည်။ ဤသို့ဖြင့် စာရေးသူသည် ဗုဒ္ဓပူဇနိယ တေးသီချင်းကို ကျောင်းသားများအား သင်ခန်းစာတစ်ရပ်အဖြစ် ထည့်သွင်း သင်ကြားပေးခဲ့ပါသည်။  

သင်ကြားပေးရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကျောင်းသားများသည် မိမိတို့၏ ရိုးရာယဉ်ကျေးမှုမျကို တန်ဖိုးထားတတ်စေလာရန်၊ ဂီတအနုပညာကို ခံစားတတ်လာပြီး မြတ်နိုးစွာ တန်ဖိုးထားတတ်လာစေရန်၊ ဘာသာတရား ကိုင်းရှိုင်းလာစေရန်နှင့် အနန္တောအနန္တငါးပါး၏ ဂုဏ်ကျေးဇူးများကို သိမြင်နားလည်လာစေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသားလူငယ်များအား လက်ဆင့်ကမ်း သင်ပြပေးခဲ့ခြင်း ဖြစ်ပါသည်။ ။

မင်းသုတ

Related posts

သိမ်းပိုက်ထားတဲ့ မြို့တွေကို ULA/AA က ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်

Rakhita Times

မြန်မာစစ်တပ်နှင့် ကူညီပါရစေများသို့ မီးမောင်းထိုးပြလိုက်သည့် အိန္ဒိယဆန္ဒပြပွဲ

Rakhita Times

ဧရာဝတီတိုင်းတွင် တိုက်ပွဲဖြစ်ပွားနေတယ်လို့ AA ထုတ်ပြန်

Rakhita Times

Leave a Comment