အာရက္ခတိုင်းမ်စ် (၂၄ ဇန်နဝါရီ ၂၀၂၅)
စစ်သုံ့ပန်းများကို ကွပ်မျက်ခဲ့တယ်လို့ Fortify Rights ရဲ့ စွပ်စွဲပြောဆိုချက်များကို အာရက္ခတပ်တော် ပြောခွင့်ရ ဦးခိုင်သုခက ဝန်ခံလိုက်ပြီး ကျူးလွန်သူများကို အရေးယူထားပြီလို့ ဆိုပါတယ်။
“စစ်စည်းကမ်းချိုးဖောက်ပြီးတော့မှ ပြစ်မှူကျူးလွန်ခဲ့တာတွေ ဖြစ်ခဲ့တာပါ။ ဘာကြောင့်လဲဆိုလို့ရှိရင် သူတို့ရဲ့ မိသားစုတွေကို မတရားဖမ်းဆီး နှိပ်စက်သတ်ဖြတ်ထားတဲ့ မြန်မာ ဒီအကြမ်းဖက် စစ်သားတွေကို သူတို့ဖမ်းမိတဲ့အချိန်မှာပေါ့နော်။ ကျနော်တို့ရဲ့ ဒေသခံပြည်သူ့စစ်တွေက ဒေါသမထိန်းနိုင်ဘဲနဲ့ အခုလိုမျိုး လက်စားချေတဲ့ပုံစံမျိုးနဲ့ စစ်စည်းကမ်း ချိုးဖောက် ပြစ်မှု ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီဖြစ်စဉ်မှာ ပါခဲ့တဲ့ အောက်ခြေတပ်မှူးငယ်တချို့အပါအဝင် ပါဝင်သူအားလုံးကို ကျနော်တို့ ဖော်ထုတ်ပြီးတော့မှ ကျနော်တို့ ဒါ အရေးယူ အပြစ်ပေးထားပြီး ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အာရက္ခတပ်တော် အနေဖြင့် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို လည်လှီးသတ်ဖြတ် ကွပ်မျက်ခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာစုံစမ်းရေးအဖွဲ့ Fortify Rights က ဇန်နဝါရီလ ၂၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“အရပ်သားတွေ သို့မဟုတ် ဖမ်းဆီးထားသော ရန်သူ့တပ်သားတွေကို ညှဉ်းပန်းနှိပ်စက်ပြီး တရား လက်လွတ် ကွပ်မျက်တာ စစ်ရာဇဝတ်မှု မြောက်ပါတယ်။ ဖမ်းဆီးရမိသော ရန်သူ့တပ်သားများကို စစ်သုံ့ပန်းများအဖြစ် ဂုဏ်သိက္ခာရှိရှိ ဆက်ဆံသင့်ပြီး ဂျီနီဗာကွန်ဗင်းရှင်းရဲ့ ကာကွယ်စောင့်ရှောက်မှု တွေပေးကာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ တာဝန်ရှိသူများကို တရားစွဲဆိုသင့်ပါတယ်” လို့ Fortify Rights လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးတာဝန်ခံ Ejaz Min Khant က ပြောပါတယ်။
နှိပ်စက်ခံရသူနှစ်ဦးဟာ ဗီဒီယိုအဆုံးတွင် သေဆုံးပုံ မပေါ်ခဲ့သော်လည်း အခြေအနေအရ နဲ့ သူတို့ရရှိခဲ့တဲ့ ဒဏ်ရာများအရ အသက်ရှင်နိုင်ဖွယ်မရှိဘူးလို့လည်း Fortify Rights က ဆိုပါတယ်။
နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC အနေနဲ့ ရခိုင်ပြည်နယ်အတွင်းရှိ အာရက္ခတပ်တော်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးသင့်တယ်လို့ Fortify Rights က တောင်းဆိုထားပါတယ်။

151 comments