အာရက္ခတိုင်းမ်စ် (၁၄ ဧပြီ ၂၀၂၅)
ကိုးကန့်တပ်ဖွဲ့ MNDAA အနေဖြင့် လားရှိုးမြို့ကနေ ဧပြီလ ၂၂ ရက်နေ့ မတိုင်ခင် ဆုတ်ခွာမယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး အခုလိုမျိုး ဆုတ်ခွာမှုဟာ တရုတ်ရဲ့ဖိအားပေးမှုကြောင့်လားဆိုတဲ့အပေါ် စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။
MNDAA အနေနဲ့ တရုတ်ဖိအားကြောင့် လားရှိုးမြို့ကနေ ဆုတ်တာဖြစ်နိုင်သလို ရေရှည်မထိန်းထားနိုင်ဘူးလို့ ထင်တဲ့အတွက် အကြောင်းပြချက်တခုပေးပြီး ဆုတ်တာလည်း ဖြစ်နိုင်တယ်လို့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာဦးသိန်းထွန်းဦးက ပြောပါတယ်။
“အဲဒါကတော့ မျိုးစုံ ထွက်နေတာပဲ။ တစ်ခုတော့ ရှိတာပေါ့လေ။ တရုတ်နယ်စပ်နဲ့တော့ ကပ်နေတဲ့ အပိုင်းရှိတော့ တရုတ်ကလည်း MNDAA တို့ ဘာတို့ကို သူ့နယ်စပ်အနားမှာ ပြန်ပြီးလှုပ်ရှားတဲ့အဖွဲ့ဖြစ်တာလည်း ပါတာမို့ နိုင်ငံရေးအရ ဖိအားပေးတာမျိုး ရှိပါလိမ့်မယ်။ အဲဒီ နိုင်ငံရေးအရ ဖိအားပေးတာ၊ မပေးတာထက် သူတို့ ဆက်နေလို့ရော ဒီအချိန်မှာ MNDAA အနေနဲ့ အဲဲဲဒီနေရာကို ကြာရှည် ထိန်းနိုင်ပါဦးမလားပေါ့။ ရေရှည်မထိန်းနိုင်ဘူးဆိုရင်တော့ သူတို့ အကြောင်းပြချက် တခုခုနဲ့ ဆုတ်တာ ဖြစ်နိုင်တယ်။ နိုင်ငံရေးအရ ဖိအားသည်လည်း အကြောင်းအရာတစ်ခု ပါကောင်းပါပါလိမ့်မယ်။ သူ့ဖိအားတစ်ခုကြောင့် ဆုတ်သွားတယ်ဆိုရင်တော့ ရယ်စရာတစ်ခု ဖြစ်နေမှာပေါ့။ အဲဒီ တစ်ခုကြောင့် ဖြစ်သွားတယ်လို့ သုံးသပ်နေကြတော့ လက်တွေ့အခြေအနေနဲ့ မှန်ကန်မှာမဟုတ်ဘူး” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကိုးကန့်တပ် MNDAA ဟာ လာမဲ့ ဧပြီလ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး မြို့ပေါ်ကနေ ဆုတ်ခွာဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေဖော်ပြနေကြတာပါ။
အခုလိုမျိုး ကိုးကန့်တပ် (MNDAA) လားရှိုးကနေ ဆုတ်ခွာပေးဖို့အတွက် ကူမင်းဆွေးနွေးပွဲမှာ သဘောတူခဲ့တာလို့လည်း သိရပါတယ်။
ဒါဟာ တရုတ်ရဲ့ အတင်းအကျပ် ဖိအားပေးမှုကြောင့် ဖြစ်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေတာပါ။
နယ်စပ်ဒေသ ဖြစ်တာကြောင့် လိုအပ်ပါက တရုတ်နဲ့ ယူနန်ပြည်နယ်တို့ရဲ့ ပေါ်လစီကို MNDAA အနေနဲ့ လိုက်လုပ်ပေးရမှာ ဖြစ်တယ်လို့ PNLO-NCA/S မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။
“အခုလည်း သူတို့က ဗမာပြည်အတွင်းမှာ ရှိတဲ့အချိန်မှာပဲ စစ်ရေးကိစ္စတွေ ပေါ်လာတဲ့အခါကြတော့ ဒီတရုတ်ပြည်ကြီးပေါ့ ယူနန်ပြည်နယ်ရဲ့ တရုတ်ပြည်ကြီးရဲ့ နိုင်ငံရေးပေါ်လစီ၊ ယူနန်ပြည်နယ်ရဲ့ နယ်စပ်လုံခြုံရေး စီးပွါးရေး ပေါ်လစီအရ လိုအပ်လာရင် ယူနန်ပြည်နယ်နဲ့ တရုတ်ပေါ်လစီကို လိုက်ပေးရမှာ ဖြစ်ပါတယ်။ သူ့အတွက်က ဗမာပြည်မနဲ့ တခြားလူမျိုးစုတွေရဲ့ ပေါ်လစီက သူ့ကို ရိုက်ခတ်ဖို့ အကြောင်းမရှိပါဘူး။ ဒါကြောင့် သူ့အတွက်လည်း သိက္ခာမကျအောင်၊ ပြန်လည်နေရာယူပေးမယ့် လဝကတို့လည်း သိက္ခာမကျအောင် ဝတပ်ဖွဲ့တွေနဲ့ တရုတ်ရဲ့ ထိန်းကျောင်းမှုအောက်မှာ သိက္ခာရှိရှိနဲ့ အလုပ်လုပ်နိုင်အောင် စီစဉ်တဲ့ သဘောပါ” လို့ သူက အာရက္ခတိုင်မ်းစ်ကို ပြောပါတယ်။
ကိုးကန့်တပ် (MNDAA) ဟာ ၁၀၂၇ စစ်ဆင်ရေးကာလဖြစ်တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ လားရှိုးအခြေစိုက် စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ပြီး လားရှိုးမြို့ကိုပါ သိမ်းပိုက် ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

83 comments