အာရက္ခတိုင်းမ်စ် (၂ ရက် ဧပြီ ၂၀၂၆)
လာမယ့် ဧပြီလ ၂၇ ရက်မှာ ကျရောက်မယ့် ခမီအမျိုးသားနေ့အတွက် ဘောလုံးပြိုင်ပွဲ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေး ကော်မတီ အဖွဲဝင် ကိုကောင်းထိုက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို (၁၆) ကြိမ်မြောက် ခမီအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် မတ်လ ၂၉ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဖိကစင် (၉၁) လမ်းကြားရှိ အုန်းပင် ဘောလုံးကွင်းမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ပြိုင်ပွဲကို အမျိုးသားဘောလုံးအသင်း ၁၆ သင်း၊ အမျိုးသမီးဘောလုံးအသင်း ၄ သင်း စုစုပေါင်း အသင်း ၂၀ ပါဝင် ယှဥ်ပြိုင်ခဲ့ပြီး ရက္ခိုင်၊ ခမီ လူမျိုးများ အပါဝင် အခြားလူမျိုးများလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
“ ခမီအမျိုးသားနေ့ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းဟာ ခမီလူငယ်မောင်မယ်များ အချင်းချင်း ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိစေရေး၊ အမျိုးသားရေးအသိစိတ် ရှင်သန်ခိုင်မာစေရေး၊ သွေးစည်းညီညွတ်ရေး၊ အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနဲ့ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေကြသော်လည်း မိမိတို့ ခမီလူမျိုးများရဲ့ နေ့ထူးနေ့မြတ်ဖြစ်သော ခမီအမျိုးသားနေ့ကို မမေ့မလျှော့ဖြင့် အမှတ်ရ သတိရစေရန် ရည်ရွည်ပြီး ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါတယ်” လို့ ကိုကောင်းထိုက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အမျိုးသားအသင်းများအနက် ပထမဆုကို R2P FC အသင်း၊ ဒုတိယဆုကို PAPINYO FC အသင်းနဲ့ တတိယဆုကို ဓညဝတီ(၁) FC အသင်းတို့ ရရှိခဲ့ပါတယ်။ ပထမဆုရ အမျိုးသားအသင်းကို ဘတ် ၆ဝဝဝ၊ ဆုဖလားနဲ့ ရွှေဆွဲပြားတို့ကို ချီးမြှင့်ခဲ့ပြီး ဒုတိယဆုရအသင်းကို ဘတ် ၃၅ဝဝ အပါအဝင် ဆုဖလား၊ ငွေဆွဲပြားနဲ့ တတိယဆုရအသင်းကို ဘတ် ၁ဝဝဝ အသီးသီး ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။
အမျိုးသမီးအသင်းများအနက် ပထမဆုကို ဓညဝတီရက္ခိုင်သူအသင်းနဲ့ ဒုတိယဆုကို ဂေဟာရက္ခိုင်သူအသင်းတို့က ရရှိခဲ့ပြီး ပထမဆုရ အမျိုးသမီးအသင်းကို ဘတ် ၃ဝဝဝ၊ ဆုဖလား ရွှေဆွဲပြားနဲ့ ဒုတိယဆုရ အသင်းကို ဘတ် ၂၅ဝဝ၊ ဆုဖလား ငွေဆွဲပြားတို့ကို အသီးသီး ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
၁၉၇၂ ခုနှစ်၊ ဧပြီလ (၂၇) ရက်မှာ ရက္ခိုင်ပြည် မြောက်ဦးမြို့ (ယခင်မြိုဟောင်း) လောင်းရှည်ချောင်းကျေးရွာတွင် မြို့နယ်ပေါင်းစုံ ကျေးရွာပေါင်းစုံရှိ ခမီလူထုတရပ်လုံးက ခမီအမျိုးသား ညီလာခံတရပ် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့တာကို အခြေခံပြီး ၂၀၁၁ ခုနှစ်၊ ဧပြီလ (၂၇) ရက်က စတင်ကာ ပထမအကြိမ် ခမီအမျိုးသားနေ့ကို ကျင်းပပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
