အာရက္ခတိုင်းမ်စ် (၈ မေ ၂၀၂၆)
ရက္ခိုင်ပြည်ရဲ့ ဝင်ပေါက် ထွက်ပေါက်တခုဖြစ်တဲ့ မကွေးတိုင်း ဂန့်ဂေါ်ခရိုင် ဆောမြို့နယ်ကို စစ်ကော်မရှင်က ဒုတိယအကြိမ်အဖြစ် မိတ္ထီလာကနေ စစ်အင်အား ၅၀၀ ခန့်ပါတဲ့ ယဉ်တန်းနဲ့ ထပ်မံပို့ဆောင်နေတယ်လို့ သိရပါတယ်။
“ ဒီနေ့မနက်ကပဲ စစ်ကားကြီး ၁၅ စီးနဲ့ စထွက်လာတာ။ ၈ ခွဲလောက်ကတော့ လက်ပံပြားရွာကို ဖြတ်ပြီးတော့ ကျောက်ပန်းတောင်းဖက်ကို ဆက်သွားတယ်၊ ပထမအခေါက်ပို့တဲ့ ဧပြီလ ၂၉ ရက်ကလည်း အခုလိုပဲ သွားတာ” လို့ မန္တလေးတိုင်းဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
မကွေးတိုင်း ဂန့်ဂေါ်ခရိုင် ဆောမြို့နယ်ကို စစ်ကော်မရှင်က မန္တလေးတိုင်း မိတ္ထီလာအခြစိုက် တပ်မ ၉၉ ကနေ သင်တန်းဆင်း စစ်သားတွေကို ပို့ဆောင်နေတာလည်း ဖြစ်ပါတယ်။
“ ဖြစ်နိုင်တာက ပေါက်နဲ့ ဆောက စစ်အင်အားနဲ့ အခုပို့တဲ့ စစ်အင်အားနဲ့ ပေါင်းပြီးတော့ ယောနဲ့ ချင်းတောင်ပိုင်းကို စစ်ကြောင်းထိုးမယ့် သဘောမှာ တွေ့နေရတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကော်မရှင်ဟာ ရက္ခိုင်ပြည်ရဲ့ ဝင်ပေါက် ထွက်ပေါက်တခုဖြစ်တဲ့ ဆောမြို့နယ်က ကံကြီးကျေးရွာတွင် အထိုင်စခန်းဖွင့်ထားပြီး ကျောက်ထုအမြောက်တပ်ကို လက်နက်ခဲယမ်းတွေ အဆမတန် ဖြည့်တင်းနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ ကျောက်ထုအမြောက်တပ်ထဲကို လက်နက်ခဲယမ်းတွေ ထပ်မံရောက်ရှိနေတာကြောင့် အနီးနား ပတ်ဝန်းကျင်တွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လာနိုင်တဲ့အပြင်၊ လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်ရှိနေနိုင်တာကြောင့် ယောနယ်နဲ့ ချင်းပြည်တောင်ပိုင်းက မိဘပြည်သူတွေအနေနဲ့ လေကြောင်းရန်ကို နေ့ရောညပါ အထူးသတိထားနေထိုင်ကြဖို့ ယောအလင်းတန်း က တိုက်တွန်း နှိုးဆော်ထားပါတယ်။
