အာရက္ခတိုင်းမ်စ် (၂၁ မေ ၂၀၂၆)
ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် တောင်မော်ကြီး ရေတပ်စခန်းဌာနချုပ်ကနေ ရမ်းဗြဲမြို့နယ် စနဲဖက်ကို စစ်ကော်မရှင်က စစ်ကြောင်းထိုးနေပြီး အာရက္ခတပ်တော်ရဲ့ တန်ပြန်ထိုးစစ်ကြောင့် စစ်ကော်မရှင်တပ်သားတွေ အကျအဆုံးများနဲ့ တောင်မော်ကြီး ရေတပ်စခန်းဌာနချုပ်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
“ စစ်သားတချို့က အဝတောင်ပေါ်ကနေ ခံပစ်နေတယ်။ တချို့တော့ ရေတပ်ထဲ ပြန်ဝင်သွားပြီ။ ဒဏ်ရာရသူတွေကိုတော့ ကျောက်ဖြူကို သင်္ဘောနဲ့ ပို့နေတယ်။ သေတဲ့သူတွေကိုတော့ ဒီအတိုင်း ထားခဲ့တာတွေလည်း ရှိတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ကျောက်ဖြူမြို့ စနဲမြို့ထိုးစစ်တိုက်ပွဲတွင် စစ်ကော်မရှင် တပ်သား ၁၀၀ ကျော် ကျတယ်လို့ ကျောက်ဖြူဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို မေလ ၁၈ ရက်က ပြောပါတယ်။
လက်ရှိတွင် စစ်ကော်မရှင်တပ်ဟာ အဝတောင်ကျေးရွာအနီးက တောင်ပေါ်ကနေ ခုခံနေပြီး အဆိုပါ စခန်းဟာ တောင်မော်ကြီး ရေတပ်စခန်းဌာနချုပ်နဲ့ ၂ မိုင် ခန့်သာ ကွာဝေးတော့တာလည်း ဖြစ်ပါတယ်။
အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကျောက်ဖြူမြို့နယ်က သိုင်းချွိန်၊ တောင်မော်၊ မြောချောင်း၊ ထိန်ဒွေ၊ ပြုံးပြဲ၊ အဝတောင် စတဲ့ ကျေးရွာပေါင်း ၁၃ ရွာကျော်က ဒေသခံ ၈၀၀၀ ခန့် အိုးအိမ်စွန့်ခွာပြီး တိုက်ပွဲရှောင် နေကြရပါတယ်။
စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကော်မရှင်ဟာ မေလ ၁၉ ရက် နေ့လည်ကလည်း ကျောက်ဖြူမြို့နယ် စနဲ့မြို့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူတွေရဲ့ နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရပါတယ်။
