NewsPolitic

ရက္ခိုင်သတင်းသမား ၃၃ ဦးနဲ့ အာရက္ခမီဒီယာကောင်စီ ဖွဲ့စည်း

အာရက္ခတိုင်းမ်စ် (၂၂ ဇွန် ၂၀၂၆)

ပြည်တွင်း၊ ပြည်ပရှိ လွတ်လပ်တဲ့ ရက္ခိုင်သတင်းသမား ၃၃ ဦး စုစည်းပြီး အာရက္ခမီဒီယာကောင်စီ – Arakha Press Council (APC) ကို တရားဝင်အတည်ပြု ဖွဲ့စည်းတည်ထောင်ကြောင်း ဒီကနေ့ ဇွန်လ ၂၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၄ ရက်မှာ အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီး ညီညွတ်သော ဆုံးဖြတ်ချက်ဖြင့် အာရက္ခမီဒီယာကောင်စီ ဖွဲ့စည်းတည်ထောင်ခဲ့တာလို့ ဆိုပါတယ်။

အာရက္ခမီဒီယာကောင်စီ (APC) ကို လွတ်လပ်သော အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်ဖို့နဲ့ ရေရှည်တည်တံ့ပြီး ခိုင်မာတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်စေဖို့ ဆွေးနွေး ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ ကောင်စီဟာ သတင်းမီဒီယာတွေနဲ့ သတင်းသမားတွေရဲ့ လွတ်လပ်စွာသတင်းရယူခွင့်၊ သတင်းလွတ်လပ်ခွင့် မြှင့်တင်ရေး၊ သတင်းသမားတွေ ဘေးကင်းလုံခြုံရေးနဲ့ အကာအကွယ်ရရှိရေး၊ မီဒီယာကျင့်ဝတ်တွေ ရေးဆွဲပြဋ္ဌာန်း ကျင့်သုံးရေးနဲ့ သတင်းစာပညာဆိုင်ရာ အရည်အသွေး ကဏ္ဍမြှင့်တင်ရေးတို့ကို အဓိကတာဝန်ယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ပြည်တွင်း၊ ပြည်ပရှိ သတင်းမီဒီယာအဖွဲ့အစည်းတွေ၊ ဒေသအာဏာပိုင်အဖွဲ့အစည်းတွေ၊ မီဒီယာလုပ်ငန်းကဏ္ဍနဲ့သက်ဆိုင်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတွေ စသည်တို့ဖြင့် အပြုသဘောဆောင်တဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေကို စဉ်ဆက်မပြတ် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

“အဓိက မျှော်လင့်ချက်ကတော့ ကောင်စီက အာရက္ခဒေသ သတင်းမီဒီယာဖွံ့ဖြိုးရေးကို မျှော်မှန်းထားပါတယ်။ လွတ်လပ်စွာ သတင်းရယူခွင့် ရေးသားထုတ်လုပ် ဖော်ပြခွင့် ဒီဟာတွေ အပေါ်မှာ အပြုသဘောနဲ့ ချည်းကပ် ဖြေရှင်းဖို့ မျှော်လင့်ထားပါတယ်” လို့ အာရက္ခမီဒီယာကောင်စီ ပြောရေးဆိုခွင့်ရှိသူ
မကေဇူးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခမီဒီယာကောင်စီဟာ အဖွဲ့ဝင်လိုတဲ့ ရက္ခိုင်သတင်းသမားတွေအားလုံးကို လှိုက်လှဲစွာ ဆက်လက် ဖိတ်ခေါ်လျက်ရှိပြီး မကြာသောကာလမှာ အဖွဲ့ဝင်အားလုံး စုံစုံလင်လင်ဖြင့် ညီလာခံတစ်ရပ်ကျင်းပကာ ပိုမှီကျစ်လစ်ခိုင်မာတဲ့ အဖွဲ့အစည်းအဖြစ် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အာရက္ခမီဒီယာကောင်စီ (APC) ကို ယာယီကော်မတီတွေဖြင့် လည်ပတ်နေပြီး ကောင်စီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း)နဲ့ ရှေ့လုပ်ငန်းစဉ်တွေ စနစ်တကျ ရေးဆွဲချမှတ်နေကာ ညီလာခံမှာ အတည်ပြု လုပ်ဆောင်သွားမယ်လို့ အသိပေး ကြေညာထားပါတယ်။

Related posts

စစ်ကောင်စီရဲ့ လေကြာင့်တိုက်ခိုက်မှုကြောင့် ဇိုင်ချောင်းရွာ ဆရာတော်ကြီး ဒဏ်ရာရ

Rakhita Times

လူမျိုးနဲ့ ဘာသာကို အခြေမခံပဲ ကျောင်းသားလူငယ်ကိုသာ အခြေခံတဲ့သမဂ္ဂဖြစ်တယ်လို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂဆို

Rakhita Times

မြောက်ဦးပြည်သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် တမိနစ်ငြိမ်သက်ခြင်း CDF-Asho ပြုလုပ်

Rakhita Times

36 comments

Leave a Comment