BusinessHealthNewsPolitic

အိန္ဒိယကနေ တင်သွင်းတဲ့ ကုန်စည်တွေက ရက္ခိုင်ဒေသခံတွေအတွက် အခက်အခဲဖြစ်နေ

အိန္ဒိယကနေ တင်သွင်းတဲ့ ကုန်စည်တွေက ရက္ခိုင်ဒေသခံတွေအတွက် အခက်အခဲဖြစ်နေ

အာရက္ခတိုင်းမ်စ် (၁၁ နိုဝင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည်အတွင်း ရက္ခိုင့်တပ်တော် အေအေ နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်ကနေ စပြီးတော့ ရက္ခိုင်ပြည်အတွင်း ကုန်စည်စီးဆင်းတဲ့လမ်းကြောင်း အားလုံးကို ပိတ်ထားတာက ယနေ့အချိန်ထိပဲ ဖြစ်ပါတယ်။

အဲဒီအတွက် ကုန်စည်မပြတ်လပ်အောင် အိန္ဒိယကနေ ကုန်စည်တွေကို ရေလမ်းကြောင်း နဲ့ တင်သွင်းနေရပြီးတော့ ကုန်ဈေးနှုန်းက အဆမတန် ကြီးတယ်လို့လည်း သိရပါတယ်။

ရေသန့်ဗူး ၁ ဗူးကို ၁ သောင်းကျပ်၊ ဓာတ်ဆားထုပ် ၁ ထုပ်ကို ၃ ထောင်ကျပ် နဲ့ ဝယ်ယူနေကြရပြီးတော့ ကုန်စည်တွေကို တင်သွင်းတဲ့ ကုန်သည်တွေမှာလည်း စက်သုံးဆီတွေ ဈေးကြီးတဲ့အတွက် ကုန်စည်တွေကို ဈေးတင်ရောင်းချကြရတာ ဖြစ်ပါတယ်။

ဒါကြောင့် အဖက်ဖက်ကနေ ကုန်ဈေးနှုန်းတွေက တက်နေတဲ့အတွက် အခက်အခဲတွေ ဖြစ်နေတယ်လို့ ရက္ခိုင်ဒေသခံတစ်ယောက်က ပြောပါတယ်။

“အမ်း – ပဒါန်းလမ်းရယ်၊ ဂွ – ငသိုင်းချောင်းလမ်းရယ်၊ စစ်တွေ – တောင်ကုတ်လမ်းရယ်၊ ဒီ ၃ လမ်းကို ပိတ်ထားတဲ့အတွက် ပြည်မဘက်ကနေ ကုန်စည်စီးဆင်းမှု မရှိတဲ့အတွက် အခက်အခဲရှိတယ်။ အိန္ဒိယဘက်ကဆိုရင်လည်း လမ်းပန်းဆက်သွယ်ရေးက တော်တော်အခက်အခဲ ရှိတယ်။ ရေလမ်းခရီးဆိုလည်း ရေလမ်းခရီးအလျောက် ရေစီးသန်တဲ့အတွက် မော်တော်ကြီးတွေလည်း သွားလို့မရဘူး။ အဲဒါကြောင့် ဈေးနှုန်းတွေက အဆမတန် ကြီးတယ်။ အဲဒါကြောင့် အိန္ဒိယက ကုန်စည်စီးဆင်းတာကလည်း သာမန်လူတန်းစားတွေအတွက် အရင်တုန်းက ၁ ထောင်တန်က အခု ၁ သောင်း ဖြစ်သွားတယ်။ ရေသန့်ဗူး တစ်ဗူးကို ၅ ထောင်။ ဆေးလိပ် တစ်လိပ်ကို ၅၀၀၊ ၆၀၀။ ဝမ်းရောဂါဖြစ်လို့ ဓာတ်ဆားထုပ် သွားဝယ်တာ ဓာတ်ဆားထုပ် တစ်ထုပ်ကို ၃ ထောင်။ ဈေးနှုန်းတွေက လမ်းပန်းဆက်သွယ်ရေး အခက်အခဲမှာ သယ်ယူပို့ဆောင်ရတဲ့ ကုန်သည်တွေအနေနဲ့ကလည်း ဓာတ်ဆီတွေ ဈေးကြီးတယ်၊ ဒီဇယ်တွေ ဈေးကြီးတာမို့လို့ သူတို့က အဲဒီဈေးနှုန်း ရောင်းမှ သူတို့အတွက် အမြတ်ကျန်တယ်။ အဲဒါကြောင့် ပြည်သူတွေအတွက် စားသုံးသူ ပြည်သူတွေအပေါ် ထိခိုက်တာပေါ့ အဲဒီအခက်အခဲတွေကလေ” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိမှာ အမ်း၊ တောင်ကုတ် နဲ့ ဂွမြို့နယ်တွေမှာ ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့်လည်း ဆန်ဈေးနှုန်းတွေက တစ်အိတ်ကို ငွေကျပ် ၃ သိန်းအထိ ရောက်နေတယ်လို့လည်း သိရပါတယ်။

ပြီးတော့ အခုချိန်က ရခိုင်ပြည်နယ်မှာ စိုက်ထားတဲ့ မိုးစပါးတွေ ရိတ်သိမ်းတဲ့ကာလ ဖြစ်ပေမယ့်လည်း စက်ကိရိယာ လိုအပ်ချက်နဲ့ စက်သုံးဆီ ဝယ်ယူရ ခက်ခဲတာ၊ ဈေးနှုန်း အဆမတန် ကြီးနေတာတွေကြောင့်လည်း အဆင်မပြေတာတွေ ဖြစ်နေပါတယ်။

ရက္ခိုင်ဒေသခံတစ်ဦးက “အခုကလေ စပါးရိတ်ကာလ ရောက်နေပြီ။ စပါးရိတ်ကာလ ရောက်နေတဲ့အတွက် စပါးရိတ်စက်တွေမှာ ကုန်ပစ္စည်းဆိုတာ ရှားတယ်။ ကုန်ပစ္စည်း ရှိပြန်ရင်လည်း ပရီမီယမ် တစ်ပေပါကို ၂၅ သိန်းကျော်တယ်။ ၂၅ သိန်းကျော်မှာ ဝယ်ဖို့အတွက် ဒီဇယ်က မရှိပြန်ဘူး။ အိန္ဒိယဘက်က လာတဲ့ ဒီဇယ်က စပါးရိတ်စက်အတွက် အဆင်မပြေဘူးတဲ့” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ်ကနေ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ကုန်စည်တင်သွင်းနေတဲ့ ကုန်သွယ်ရေးလမ်းကြောင်းကို အသုံးပြုပြီးတော့ အိန္ဒိယနိုင်ငံမှနေ ကုန်စည်ကို ပလက်ဝမြို့နယ်ကနေတဆင့် ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်ကို ပြန်လည်တင်သွင်းကြတယ်လို့ သိရပါတယ်။

အဲဒီလို တင်သွင်းရာမှာလည်း ကျောက်တော်မြို့နယ်အတွက်ပဲ အဆင်ပြေနိုင်မှာဖြစ်ပြီးတော့ ရက္ခိုင်ပြည်အတွင်းက တခြားသော မြို့နယ်တွေအတွက်က အခက်အခဲ ရှိနေပါတယ်။

Related posts

စစ်သုံ့ပန်းများ ကွပ်မျက်ခံရမှူ AA ဝန်ခံ

Rakhita Times

စစ်သုံ့ပန်း ၂၀၀ နီးပါး AA ထပ်မံ လွှတ်ပေး

Rakhita Times

စကမ ကြဲတဲ့ ဗုံးကြောင့် MUYA စေတနာ့ ဝန်ထမ်းလေးဦးလည်း သေဆုံးခဲ့

Rakhita Times

1 comment

hghjfjdoss_ibkr ဧပြီ 17, 2026 at 7:49 ညနေ

Discover the amazing features of hghjfjdossa and elevate your experience today.
Hghjfjdossa’s role boosts operational success and practical outcomes.

Reply

Leave a Comment