အာရက္ခတိုင်းမ်စ် (၂၅ ဇွန် ၂၀၂၆)
အာရက္ခတပ်တော် (AA) တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ရက္ခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်က မောင်တောမြို့ပေါ်ကို ရွေးတုအစိုးရတပ်က အသေခံဒရုန်းနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ဇွန်လ ၂၄ ရက်က မောင်တောမြို့ပေါ် ရပ်ကွက်တစ်ခုအတွင်းမှာရှိတဲ့ လူငယ်သင်တန်းကျောင်းတစ်ခုကို ရွေးတုအစိုးရတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ အလေးချိန်ရှိ ဗုံးနှစ်လုံး ကြဲချ တိုက်ခိုက်ခဲ့ပါတယ်။
မနက်ပိုင်း ၁၁ နာရီခွဲဝန်းကျင်ခန့်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီ တိုက်ခိုက်မှုအတွင်း ကျောင်းသူနှစ်ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ အဲဒီနောက် ဒုတိယအကြိမ်အဖြစ် ညနေပိုင်း ၆ နာရီခန့်မှာ အသေခံဒရုန်းနဲ့ ထပ်မံ လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ ဂျက်နဲ့ လာကြဲပြီးတဲ့နောက် ညနေပိုင်း ၆ နာရီလောက်မှာ အသေခံဒရုန်းနဲ့ အဲဒီနေရာကို ထပ်မံ လာကြဲသွားတာပါ။ အဲဒီ အဆောင်ရဲ့ ခန်းမ ပြိုသွားတယ်လို့ သိရတယ်။ အထိအခိုက်တော့ ရှိ မရှိကို အတိအကျ မသိရဘူး” လို့ ဆိုပါတယ်။
ပထမတစ်ကြိမ် လာရောက်တိုက်ခိုက်မှုမှာ ပစ်မှတ် လွဲချော်ခဲ့တာကြောင့် ဒရုန်းနဲ့ နောက်ထပ်တစ်ကြိမ် လာရောက် တိုက်ခိုက်ခဲ့တာ ဖြစ်နိုင်တယ်လို့ အဲဒီ ဒေသခံအမျိုးသားက မှတ်ချက်ပြုပါတယ်။
နယ်စပ်က မောင်တောမြို့ပေါ်ကို ရွေးတုအစိုးရက ပထမဆုံးအကြိမ် လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် မြို့တွင်းနေ ပြည်သူတွေကြား စိုးရိမ်မှု မြင့်တက်နေခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
“ တစ်နေ့တည်း နှစ်ကြိမ် လာကြဲသွားတာဆိုတော့ ကြောက်ကြတာပေါ့။ လေယာဉ်က ဗုံးချလို့ ကျကွဲတဲ့နေရာက လွင့်စင်လာတဲ့ အစတွေက လူနေအိမ်တွေကိုလည်း ထိတယ်။ ဆိုင်ကယ်တွေကိုလည်း အစထိပြီး ပျက်စီးသွားတာ ရှိတယ်” လို့ အထက်ပါ သတင်းရင်းမြစ်က ပြောပါတယ်။
ဇွန်လ ၂၃ ရက်ကလည်း ဂွမြို့နယ် ကံ့ကော်တောင်ရွာကို ရွေးတုအစိုးရတပ်က ညသန်းခေါင်ယံအချိန် ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား လေးဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
