အာရက္ခတိုင်းမ်စ် (၁၆ ဇူလိုင် ၂၀၂၆)
ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်တွင် ဇူလိုင်လ ၁၄ ရက် ည ၈ နာရီခန့်က ရက္ခိုင်တိုင်းရင်းသား ၄ ဦးကို အာရက္ခတပ်တော်နဲ့ ပတ်သက်တယ်ဆိုပြီး ရွေးတုအစိုးရတပ်က ဖမ်းဆီသွားတယ်လို့ သိရပါတယ်။
“သူတို့က ဂွကနေ ရောက်လာကြတာ၊ ရေဘေးရှောင်လာတယ် ပြောတာပဲ။ ရောက်တာကတော့ ၁၂ ရက်နေ့က ရောက်လာတာ၊ စစ်တပ်က ဘယ်လို သတင်းရသွားတယ်မသိဘူး။ အင်အား ၂၀ လောက်နဲ့ လာဖမ်းသွားတယ်။ ပြီးတော့ ရွာကိုလည်း မွှေသွားတယ်” လို့ လေးမျက်နှာမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ််ကို ပြောပါတယ်။
ရွေးတုအစိုးရတပ်ဟာ ဇူလိုင်လ ၁၄ ရက် ည ၈ နာရီခန့်မှာ လေးမျက်နှာမြို့နယ် အောင်ဇံကွင်းနဲ့ ဇီးပင်ကွင်းကျေးရွာမှာ ရက္ခိုင်တိုင်းရင်းသား ၄ ယောက်ကို လာရောက် ဖမ်းဆီးသွားတာလို့ သိရပါတယ်။
ရွေးတုအစိုးရတပ်က လာရောက်ဖမ်းဆီးခံလိုက်ရသူတွေကတော့ ရက္ခိုင်ပြည် ဂွမြို့နယ်က ဒေါ်ကြူ၊ ဒေါ်အေးအောင်၊ ဦးဇော်ဝင်းနဲ့ အမျိုးသားလူယ်တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
အလားတူ ဇွန်လ ၁၉ ရက်ကလည်း ရွေးတုအစိုးရတပ်ဟာ လေးမျက်နှာမြို့နယ် ကွင်းကြီးကျေးရွာအုပ်စု အောင်ဇံကွင်းနဲ့ ဇီးပင်ကြီးရွာက ဒေသခံတောင်သူ ၅ ဦးကိုလည်း အာရက္ခတပ်တော်ကို သတင်းပေးတယ်ဆိုပြီး ဖမ်းဆီးခဲ့ပါတယ်။
လက်ရှိမှာတော့ လေးမျက်နှာမြို့နယ်က စက်စက်ယိုကျေးရွာအပါအဝင် စခန်းတချို့ကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက သိမ်းယူထားပြီး ရွေးတုအစိုးရတပ်က တန်ပြန် စစ်ကြောင်းတွေထိုးလာလို့ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်နေတာလည်း ဖြစ်ပါတယ်။
လေးမျက်နှာတိုက်ပွဲတွင် စစ်ကော်မရှင်ရဲ့ တပ်မ ၆၆ လက်အောက်ခံတပ်ရင်း ခမရ ၄၊ ၅၊ ၆၊ ၁၀၊ ခလရ ၃၅၊ ၈၀၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်း ခလရ ၆၃ နဲ့ ၂၇၁ တို့ ပါဝင် တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်ထားပါတယ်။
